October 19, 2024

၅. ၁၂. ၂၀၂၃

Written by Ye Kyaw

စက်သုံးဆီအရောင်းဆိုင်အချို့ ယနေ့ညနေပိုင်းနှင့် ညပိုင်းတို့တွင် ဆီလုံးဝမရောင်းတော့ဘဲ မနက်ဖြန် မနက်မှသာ ရောင်းပေးတော့မည်ဟုဆိုကာ ဆိုင်များပိတ်ထားကြောင်း သိရသည်။

သီလဝါ Terminal များမှ ဆီထုတ်ရန် ခက်ခဲနေမှုများကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့ ဈေးနှုန်းမဖွင့်လှစ်ခြင်း၊ ယခင်ကဲ့သို့ တန်းစီ၍ပင် ဝယ်ယူမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“မနက် ၈ နာရီလောက်မှ ရမယ်ပြောတယ်။ အချို့ကလည်း မနက်စောစောရမယ်ပြောတယ်။ ဘာမှန်းကို မသိပါဘူး။ ကျိန်းသေတာတော့ မနက်ဖြန်မှ ရတော့မယ်” ဟု တာမွေမြို့နယ်ရှိ ဆီအရောင်းဆိုင်‌တွင် တန်းစီနေသူ တစ်ဦးက ပြောသည်။

ဆီထုတ်ယူရန် အခက်အခဲများ၊ ဆီဝယ်ယူရန် အခက်အခဲများကြောင့် YBS ယာဥ်များလည်း အထွက်နည်းသဖြင့် ခရီးသွားပြည်သူ ၁ သန်းခွဲခန့်မှာလည်း ဘတ်စ်ကားမှတ်တိုင်များတွင် များပြားစွာစောင့်ဆိုင်းနေရမှုများလည်း ယနေ့ညဦးပိုင်းတွင် ဖြစ်ပေါ်နေသည်။

ဒီဇင်ဘာ ၅ ရက် ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းမျာသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *