October 19, 2024

၅. ၁၂. ၂၀၂၃
Written by Min Mahar

နေအိမ်၌ထိုင်နေသော လင်မယားနှစ်ဦးကို အမည်မသိ သေနတ်သမား ၃ ဦးက သတ်ဖြတ်ပြီး ဆိုင်ကယ် ၂ စီး၊ ရွှေထည်ပစ္စည်း ၁၅ ကျပ်သားခန့်နှင့် သိန်း ၂၀၀ ကျပ်တို့ကို ယူဆောင်သွားမှု မြင်းခြံမြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်(ယနေ့) မနက် ၁၁ နာရီ  ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဇလပ်ကုန်းကျေးရွာတွင် နေထိုင်ပြီး တောင်သူလုပ်ကိုင်နေကြသော အသက် ၄၇ နှစ်အရွယ်အမျိုးသားနှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတို့ လင်မယား ၂ ဦးသည် နေအိမ်၌ ထိုင်နေစဉ် အမည်မသိ ဒေသတွင်းလက်နက်ကိုင်အမျိုးသား ၃ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး ၎င်းတို့လင်မယားနှစ်ဦးကို နေအိမ်ရှေ့လမ်းပေါ်သို့ ဆွဲခေါ်၍ သေနတ်များဖြင့် ဝိုင်းပစ်ကာ နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁၅ ကျပ်သားခန့်၊ ငွေကျပ်သိန်း ၂၀၀၊ နံပါတ်မပါ ကန်ဒါ-၁၁၀(အနက်ရောင်)ဆိုင်ကယ် ၁ စီးနှင့် ဟွန်ဒါ-၁၁၀(ခဲပုတ်ရောင်)ဆိုင်ကယ် ၁ စီးတို့ကို ယူဆောင်ပြီး ကျေးရွာ၏ အရှေ့ဘက် ရွာရှည်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ခင်ပွန်းဖြစ်သူတွင် ဝဲဘက်နားထင်ကို ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ယာဘက်လည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်နှင့် ၎င်း၏ဇနီးဖြစ်သူတွင် ဝဲဘက်လည်ပင်းကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်ပွားသည့်နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အသတ်ခံရသူများနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *