October 19, 2024

၅. ၁၂. ၂၀၂၃

Written by Ye Kyaw

AMI စနစ်သုံး အိမ်သုံးမီတာများသည် လက်ရှိအချိန်တွင် သယ်ယူစရိတ်မပါ တစ်လုံးလျှင် ကျပ် ၁၅၅,၀၀၀ ကျော်ကျသင့်နေ၍ ယခင်သတ်မှတ်ဈေးမှာ အရှုံးပေါ်နေသော ကြောင့် အိမ်သုံးမီတာတပ်ဆင်ခ သတ်မှတ်ကြေးအား ဒီဇင်ဘာ ၁ ရက်မှစတင်၍ ကျပ် ၂၅၀,၀၀၀ သို့ တိုးမြှင့် ကောက်ခံခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌‌ရေးကောင်စီက ယနေ့တွင် ဖြေကြားထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ မှစ၍ AMI Meter တပ်ဆင်ခ သတ်မှတ်ကြေးများအား မီတာတစ်လုံးလျှင် ကျပ် ၈၅,၀၀၀၊ မီတာပုံးခွံကြေး ကျပ် ၁၇,၀၀၀၊ Breaker ကြေး ကျပ် ၈,၀၀၀၊ အခြားကုန်ကျစရိတ် (အာမခံစပေါ်ငွေ)၊ ကြိုးသွယ်ခ၊ မီးဆက်ခ၊ ကြီးကြပ်ခ၊ လျှောက်လွှာမှတ်ပုံတင်ကြေး) ကျပ် ၁၀,၀၀၀ စုစုပေါင်း ကျပ် ၁၂၀,၀၀၀ နှုန်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယခုအခါ AMI စနစ်သုံး အိမ်သုံးမီတာများအား သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ၍ ရွေးချယ်ထားသော ကုမ္ပဏီမှ စာချုပ်ချုပ်ဆိုဝယ်ယူမည်ဖြစ်ရာ ကုမ္ပဏီ၏ အဆိုပြုဈေးနှုန်းအရ မီတာနှင့်၊ ပုံးခွံ၊ Breaker၊ Seal မီတာစမ်းသပ်စစ်ဆေးများ အပါအဝင် ရန်ကုန်မှ တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်/မြို့နယ်များသို့ သယ်ယူပို့ဆောင်ခပါဝင်မှုမရှိဘဲ ကျပ် ၁၅၅,၇၃၀/-၇၅ ပြား ကုန်ကျမည်ဖြစ်သဖြင့် AMI အိမ်သုံးမီတာတစ်လုံး တပ်ဆင်ပါက အခြားကုန်ကျစရိတ်များအပါအဝင် ကျပ် ၁၂၀,၀၀၀ သာ တောင်းခံရရှိပါသဖြင့် လက်ရှိဝယ်ယူလျက်ရှိသည့် ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက အရှုံးဖြစ်ပေါ်လျက်ရှိနေကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ကုမ္ပဏီမှ ဝယ်ယူရသည့် မီတာတစ်လုံးချင်း၏ ဝယ်ယူစရိတ်နှုန်းထား ကွာခြားမှုများကြောင့် ယခင်ရောင်းချနေသော နှုန်းထားအတိုင်း တပ်ဆင်ပါက နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲရမှုများရှိနိုင်ခြင်း၊ အာမခံစပေါ်ငွေ၊ ကြိုးသွယ်ခ၊ မီးဆက်ခ၊ ကြီးကြပ်ခနှင့် လျှောက်လွှာမှတ်ပုံတင်ကြေး စသည့် အခြားကုန်ကျ စရိတ်များမှာလည်း ၂၀၁၀ ပြည့်နှစ်မှစ၍ သတ်မှတ်ထားခြင်းဖြစ်ကာ လက်ရှိအခြေအနေနှင့် ဆီလျှော်မှု မရှိခြင်းတို့ကြောင့် AMI အိမ်သုံးမီတာ အသစ်တစ်လုံးလျှင် မီတာသတ်မှတ်ကြေး၊ ဆက်စပ်ပစ္စည်းနှင့် အခြားစရိတ်များအတွက် ယခင်သတ်မှတ်နှုန်း ကျပ် ၁၂၀,၀၀၀ နှုန်းမှ ကျပ် ၂၅၀,၀၀၀ နှုန်းဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *