၂၃.၁၁.၂၀၂၂
Written By A Thaung
အိန္ဒိယသိပ္ပံနှင့်နည်းပညာဗဟိုဌာန (DST) နှင့် Think Tank သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေးအဖွဲ့ (CSE) တိုပူးပေါင်းပြီး EV ဘက္ကထရီများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေကြောင်း CSE က အတည်ပြုထုတ်ပြန်ကြေညာလိုက်သည်။
အဖွဲ့နှစ်ဖွဲ့ပူးပေါင်းလိုက်ခြင်းသည် အိန္ဒိယ၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် EV ဘတ္ထရီအသစ်များ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးနှင့် အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးစေရေးအား ကူညီပေးနိုင်မည်ဖြစ်ကြောင်း CSE က ဆိုသည်။
ထို့အပြင် EV ဘက္ကထရီနည်းပညာများ မြင့်မားလာစေရန်နှင့် နည်းပညာအသစ်များအား ပူးပေါင်းလုပ်ကိုင်မည်လည်းဖြစ်သည်။
ပြည်တွင်းတွင်သုံးစွဲနိုင်မည့် နည်းပညာမြင့် ဘတ္ထရီများအနေဖြင့် လုံခြုံစိတ်ချရပြီး တာရှည်ခံကာ မော်တော်ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့်အခါ အပူလွန်ကဲမှုကို ထိန်းချုပ်ထားနိုင်ရေးမှာ အရေးကြီးသည့်အချက် ဖြစ်သည့်အတွက် ထိုအချက်ကို အလေးထားကြောင်း CSE အမှုဆောင်အရာရှိက ပြောသည်။
“အိန္ဒိယအနေနဲ့က လျှပ်စစ်ကားနဲ့ပတ်သတ်ပြီး အတွေ့အကြုံကောင်းတွေရှိထားပါတယ်။ ဒါပေမယ့် ငွေကြေးကုန်ကျမှုအရမ်းများပြီး နည်းပညာမြင့်တဲ့ ဘတ္ထရီတွေ ထုတ်လုပ်နိုင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ လုံခြုံစိတ်ချရမယ်။ အားသွင်းစနစ်တွေကောင်းရမယ်။ ဒါတွေအတွက် အခြေခံအဆောက်အအုံကောင်းတွေလိုပါတယ်” ဟု ၎င်းကပြောသည်။
အိန္ဒိယနိုင်ငံတွင် ၂၀၁၅ ခုနှစ်ကတည်းက လျှပ်စစ်ကားများထုတ်လုပ်နေပြီး အထူးသဖြင့် လုပ်ငန်းသုံးထရပ်ကားများကို ဦးစားပေးထုတ်လုပ်ကာ ဟိုက်ဘရစ်လျှပ်စစ်ကားများလည်း ထုတ်လုပ်လျှက်ရှိသည်။
Ref; Economic Times