၇. ၁၂. ၂၀၂၃
Written by Nyein Kyaw
နိုင်ငံတော်က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် တီဘီ၊ HIV ရောဂါကုသဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး၊ မိခင်ကလေးကျန်းမာရေးနှင့် အာဟာရဖွံဖြိုးရေး၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး စသည်များအပါအဝင် ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခွဲဝေချထားပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
မိမိတိုနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၁၉၉၀ ပြည့်နှစ်တွင်ရှိခဲ့သည့် မိခင်သေဆုံးမှုနှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်နှင့် နှိင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၅၃ ဒသမ ၂ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်ဟု သိရပြောင်း၊ မွေးကင်းစကလေးသေဆုံးနှုန်းသည်လည်း ၂၀၀၀ ပြည့်နှစ်နှင့်နှိင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တီဘီရောဂါ ဖြစ်ပွားမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၅ ခုနှစ် ရောဂါဖြစ်ပွားနှုန်း၏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည့်အတွက် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် တီဘီရောဂါအဆုံးသတ်နိုင်ရေးမှတ်တိုင်(End TB milestone) ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟု သိရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် HIV/AIDS နှင့်ငှက်ဖျားရောဂါများ ဖြစ်ပွားမှု၊ သေဆုံးမှုကိုလည်း သိသိသာသာလျှော့ချနိုင်ခဲ့သည်ကို သိရှိရပြောင်း၊ ယခုကဲ့သို ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို အထူးပင်အသိအမှတ်ပြုကြောင်းနှင့် ပြည်သူများ ငွေကြေးကုန်ကျမှုနည်းနည်းဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို တိုင်းရင်းသားများအပါအဝင် လူတိုင်းလက်လှမ်းမီ သာတူညီမျှရရှိနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကိုလည်း အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှုနည်းစွာဖြင့် အောင်မြင်စွာကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကိုဗစ်-၁၉ ကာလအလွန်တွင် အခြား ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိခြင်း၊ ၂၀၂၃ ခုနှစ်၊ မေလထဲ၌ ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းအပြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ချက်ချင်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မုန်တိုင်းအလွန်ကာလတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိခြင်းတို့သည် ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုမှတ်တိုင်များပင် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။