၂၃. ၁၁. ၂၀၂၂
Written by Thettant
မန်ယူအသင်းကို ၁၇ နှစ်ကြာ ချုပ်ကိုင်ခဲ့သော ဂလေဇာမိသားစု မန်ယူအသင်းကို ရောင်းချတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။
မန်ယူအသင်းကို ၁၇ နှစ်ကြာ ကုတ်သွေးစုပ်နေသည်ဟု တစ်ဘီလျံကျော်ရှိသော အသင်းပရိသတ်များက ယူဆမှုများဖြင့် အမြဲတစေတိုက်ခိုက်မှုများရှိနေသလို ဂလေဇာမိသားစု၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကို ရော်နယ်လ်ဒိုက ဝေဖန်ခဲ့ပြီးနောက် ရော်နယ်လ်ဒိုအား ချက်ခြင်း စာချုပ်ဖျက်သိမ်းခဲ့သလို အသင်းကိုလည်း ရောင်းချရန် စီစဥ်မှုကို ထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။
မန်ချက်စတာယူနိုက်တက်အသင်း၏ ဒါရိုက်တာများပါဝင်သော ဘုတ်အဖွဲ့သည် ကလပ်အသင်းအတွက် မဟာဗျူဟာကျသော လမ်းကြောင်းများကို စတင်ရှာဖွေသွားမည်ဖြစ်သည်။ ယင်း လုပ်ငန်းစဉ်အတွက် ဘုတ်အဖွဲ့အနေဖြင့် အသင်းအတွက် ရင်းနှီးမြုပ်နှံမှု ရှာဖွေခြင်း၊ အသင်းအား ရောင်းချခြင်း (သို့) အလားတူလုပ်ဆောင်မှုများအား သုံးသပ်ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ မဟာဗျုဟာတွင် အားကစားကွင်းများနှင့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရေး၊ အသင်း၏ စီးပွားရေးဆိုင်ရာလုပ်ဆောင်မှုကိုများကို တစ်ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် ချဲ့ထွင်ရေးကိစ္စရပ်များကို လုပ်ဆောင်ပြီး အသင်းပြန်လည်အားကောင်းလာစေရန် စနစ်တကျအကဲဖြတ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ရေရှည်တွင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်းနှင့် အကယ်ဒမီအတွက် အောင်မြင်မှုများ ရရှိစေရေး အစီအမံများ ပါဝင်မည်ဖြစ်သည်။
မန်ယူအသင်းအနေဖြင့် လက်ရှိတွင် Raine Group အား ကုမ္ပဏီ၏ သီးသန့်ဘဏ္ဍာရေးအကြံပေး၊ Latham & Watkins LLP အား ဥပဒေရေးရာအကြံပေး၊ Rochiland and Co က ဂလေဇာမိသားစု၏ ရှယ်ယာများအတွက် ဘဏ္ဍာရေးအကြံပေးများအဖြစ် ဆောင်ရွက်နေပြီး အသင်းအား ရောင်းချမည့် မဟာဗျုဟာသည် မည်သည့်ပုံစံဖြစ်မည်ကို သိရှိမှုမရှိသေးဘဲ ဘုတ်အဖွဲ့သတ်မှတ်ထားသည့် ငွေပေးငွေယူကိစ္စရပ်များ တရားဝင်ထုတ်ပြန်ရန်လိုအပ်သည့် အခြားလုပ်ဆောင်မှုနည်းလမ်းများ အတည်မပြုနိုင်မချင်း ယင်းမဟာဗျုဟာနှင့် ပတ်သက်ပြီး ဆက်လက်ထုတ်ပြန်တော့မည်လည်း မဟုတ်ချေ။
မန်ယူအသင်း၏ တန်ကြေးမှာ မူလက ပေါင် ၃ ဒသမ ၇၅ ဘီလျံသာရှိခဲ့သော်လည်း ဘဏ္ဍာရေးပြဿနာကြုံခဲ့ရသည့် ချဲလ်ဆီးအသင်းအား ပေါင် ၄ ဒသမ ၂၅ ဘီလျံဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ချဲလ်ဆီးအသင်းရောင်းချခဲ့သည့် ပမာဏထက်ပိုသည့် ကမ်းလှမ်းမှုမျိုးဖြင့်သာ အရောင်းအဝယ်ဖြစ်ဖွယ်ရှိနေပြီး Sky News ၏ သတင်းအရလည်း ဂလေဇာမိသားစုက မန်ယူအသင်းကို ရောင်းချရန်စီစဥ်မှုကြောင့် ရှယ်ယာတန်ဖိုး ၁၇ ရာခိုင်နှုန်းထိုးတက်သွားပြီး မန်ယူအသင်း၏ စျေးကွက်တန်ဖိုးမှာလည်း ဒေါ်လာသန်း ၄၀၀ (ပေါင် ၃၃၅ သန်း) ခန့် မြင့်တက်သွားသည်ဟုလည်း ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လကလည်း ဗြိတိန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် Jim Ratcliffe က မန်ယူအသင်းကို ဝယ်ယူရန် စိတ်ဝင်စားခဲ့ပြီး သူ၏ ပြောရေးဆိုခွင့်ရှိသူကလည်း “ယူနိုက်တတ်ကိုသာ ရောင်းချမယ်ဆိုရင် Jim က အလားအလာအရှိဆုံး ဝယ်ယူသူဖြစ်လာမှာ အသေအချာပါ”ဟု ဆိုသည်။
Ref, Man U, The Gurdian