၆. ၁၂. ၂၀၂၃
Written by Nay Aung
ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Grififiths က မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများကို အကူအညီပေးနိုင်ရန် ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ကူညီရေးဗဟိုအဖွဲ့ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သောအောက်တိုဘာလ နောက်ပိုင်းတည်းက တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။ အောက်တိုဘာလနောက်ပိုင်းတည်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ အနည်းဆုံး ၅ သိန်းကျော်ရှိလာခဲ့ရာ မြန်မာနိုင်ငံတဝှမ်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ အားလုံး ၂ သန်း ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း မလုံခြုံမှုများကြောင့် ဆက်သွယ်ရေးအပြင် အခြားလိုအပ်သောပစ္စည်းများ လက်ခံရရှိရန် စိန်ခေါ်မှုများရှိလာခဲ့သော်လည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ဆက်လက်ကူညီပေးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က ပြောသည်။
ကုလသမဂ္ဂအနေဖြင့် စက်တင်ဘာလအကုန်အထိ မြန်မာနိုင်ငံတဝှမ်းရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခဲ့သူဦးရေ အနည်းဆုံး ၂ ဒသမ ၅ သန်းကျော်ကို ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အနေဖြင့် အကူအညီလိုအပ်နေသူများကို ကူညီရေးအတွက် အခက်အခဲများရှိနေသည့်ကြားမှ မရှိမဖြစ်လိုအပ်သော လူသားစာနာမှုအကူအညီကို နည်းလမ်းအမျိုးမျိုးသုံးပြီးကူညီပေးနေကြောင်း၊ အရေးပေါ်တုံ့ပြန်ကူညီရေးဗဟိုအဖွဲ့(CERF)၏ ရန်ပုံငွေများက ပဋိပက္ခကြားထဲမှ ပြည်သူများ၏ အသက်ကိုကယ်တင်နေသော လူသားချင်းစာနာမှုအဖွဲ့အစည်းများအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Grififiths က ပြောသည်။
Ref; UN