October 19, 2024

၅. ၁၂. ၂၀၂၃

Written by Ye Kyaw

AD လိုင်စင်ရဘဏ်များ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲပါ စာအမှတ်၊ အက်ဖ်အီး- ၁/၂၉၃၇ ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်မှ အထက်ပါအတိုင်း ထုတ်ပြန်ထားခြင်း ရှိ/မရှိအား MT News သတင်းဌာန၏ မေးမြန်းမှုခဲ့ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မှန်ကန်ကြောင်း အတည်ပြု ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံခြား‌သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *