MT News
၆. ၁၂. ၂၀၂၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းတဲ့ Order of Alexander Nevsky ဘွဲ့တံဆိပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးက ဒီဇင်ဘာ ၅ ရက်မှာ လက်ရောက်အပ်နှင်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း ရုရှားသမ္မတက Order of Friendship ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခဲ့သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr Nikolai PATRUSHEV ကို စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့မှာတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံတော်လုံခြုံရေးကောင်စီအတွင်းရေးမှုး Mr. Nikolai PATRUSHEV နဲ့ တွဲဖက်အတွင်းရေးမှူး ပြီးရင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အပါအဝင် ရုရှားနိုင်ငံရဲ့ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိပါတယ်။ အဓိကကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်ကချီးမြှင့်တဲ့ Order of Alexander Nevsky ဘွဲ့တံဆိပ် လာရောက်ပေးအပ်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ရုရှားသမ္မတနိုင်ငံကချီးမြှင့်တဲ့ ဘွဲ့ တံဆိပ်များ လာရောက်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ရုရှားနဲ့မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ ဆောင် ရွက်နိုင်ခဲ့လို့ ဒီဘွဲ့တံဆိပ်များ ပေးအပ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်လုံခြုံရေးကောင်စီအတွင်းရေးမှူးကို မြန်မာနိုင်ငံက ဘွဲ့တံဆိပ် ပေးအပ်တဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ သရေစည်သူဘွဲ့ပေးအပ်ခြင်းအခမ်းအနား ဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့ ဒီဘွဲ့တံဆိပ်များပေးအပ်ပြီးတဲ့အခါမှာ နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါတယ်။ ဒီ နှစ်နိုင်ငံဆွေးနွေးမှုကတော့ အချိန်နှစ်နာရီနီးပါး ကြာခဲ့ပါတယ်။ ဒီမှာ တော့ နိုင်ငံတကာရေးရာကိစ္စတွေ၊ အာဆီယံရေးရာကိစ္စတွေ အဓိကဆွေးနွေးခဲ့ပါတယ်။ ပြီးရင် နိုင်ငံတကာမှာဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေ၊ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပေါ်မှာ နှစ်နိုင်ငံရဲ့အမြင်တွေ၊ နှစ်နိုင်ငံရဲ့သဘောထားရပ်တည်ချက်တွေ ပြီးရင် နိုင်ငံတကာမျက်နှာစာမှာ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကနေပြီး အစဉ်အမြဲရပ်တည် သွားမယ်ဆိုတဲ့ ရပ်တည်ချက်တွေ၊ ပြီးရင် မြန်မာနိုင်ငံရဲ့ဒေသတွင်းသဘောထားအမြင်တွေ၊ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရေးအတွက် ကဏ္ဍစုံပေါ့ ကဏ္ဍစုံဆိုတဲ့နေရာ မှာ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ ဒီ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍတွေအပြင် ငွေရေးကြေးရေးဆိုင်ရာကဏ္ဍတွေ ပြီးရင် ကုန်သွယ်မှုဆိုင်ရာ ကဏ္ဍတွေ၊ အဓိကကတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ စွမ်းအင်လျှပ်စစ် ကဏ္ဍတွေကို အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြီးရင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မှာအရေးကြီးလာမယ့် သံမဏိလုပ်ငန်း၊ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်း ဒီလုပ်ငန်းတွေကို လည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြီးရင်တော့ မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက် ကျန်းမာရေး၊ ပညာရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်တွေ ပညာတော် သင်နဲ့ပတ်သက်ပြီး ပညာတော်သင်ကိစ္စရပ်တွေ နယ်ပယ်တော်တော်များများကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ခဲ့ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၅ ရက်မှာ ပြောကြားပါတယ်။