၂၃. ၁၁. ၂၀၂၂
Written by Thettant
မန်ယူအသင်းနှင့် ရော်နယ်လ်ဒိုတို့အကြား ချုပ်ဆိုထားသည့်စာချုပ်အား နှစ်ဖက်သဘောတူညီမှုအရ ချက်ခြင်းစာချုပ်ဖျက်သိမ်း၍ မန်ယူအသင်းမှ ရော်နယ်လ်ဒို ထွက်ခွာမည်ဖြစ်သည်။
မန်ယူအသင်း၊ အသင်းပိုင်ရှင်၊ နည်းပြများ၊ ကစားသမားများနှင့် လူငယ်ကစားသမားများကိုပါမကျန် ဝေဖန်မှုပြုခဲ့သည့် ရော်နယ်လ်ဒို၏ အင်တာဗျုးသက်ရောက်မှုကြောင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းပြီး ရော်လ်နယ်ဒိုထွက်ခွာမည် ဆိုသည့်သတင်းကို မန်ချက်စတာယူနိုက်တက်အသင်းကလည်း မြန်မာစံတော်ချိန်အရ နိုဝင်ဘာ ၂၃ ရက် နံနက် ၁၂ နာရီကျော်တွင် တရားဝင်အသိပေးခဲ့သည်။
ထို့အပြင် မန်ယူအသင်းအတွက် စုစုပေါင်း ၃၄၆ ပွဲကစားကာ ၁၄၅ ဂိုး သွင်းယူပေးခဲ့သည့် CR7 ၏ ကြီးမားသည့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် မိသားစု အနာဂတ်အတွက် ဆုမွန်ကောင်းလည်း မန်ယူအသင်းက တောင်းပေးခဲ့သည်။
လက်ရှိတွင် Cristiano Ronaldo ထွက်ခွာမည်ဖြစ်သော်လည်း မန်ချက်စတာယူနိုက်တက်ရှိ လူတိုင်းသည် Erikten Hag လက်အောက်၌ အသင်း၏တိုးတက်မှုကို ဆက်လက်အာရုံစိုက်နေပြီး ကွင်းအတွင်းအောင်မြင်မှုများရရှိရန် အတူတကွလုပ်ဆောင်နေကြဆဲဖြစ်သည်ဟု ကလပ်က ကြေညာခဲ့သည်။
CR7 ကို စာချုပ်ဖျက်သိမ်းရန် Glazers, Richard Arnold, John Murtough နှင့် Erik ten Hag တို့ ပူးပေါင်းဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး Cristiano Ronaldo အနေဖြင့်မူ စာချုပ်ပါ အချက်အလက် ဖောက်ဖျက်မှုကြောင့် ချက်ချင်း စာချုပ်ဖျက်သိမ်းခံရသဖြင့် ပေါင် ၁၆ သန်းခန့် နစ်နာခဲ့ရသည်။
“ပြန်တည်ဆောက်ဖို့ဆိုရင် အရင်ဆုံး ပြန်ဖြိုချရပါလိမ့်မယ်။ ဖြိုချဖို့ ကျွန်တော်နဲ့ စမယ်ဆိုလည်း ကိစ္စမရှိပါဘူး။ ကျွန်တော် မန်ချက်စတာယူနိုက်တတ်ကို ချစ်ပါတယ်။ ပရိသတ်တွေကိုလည်း ချစ်ပါတယ်။ သူတို့က ကျွန်တော့်ဘက်မှာ အမြဲရှိကြတယ်။ ဒါပေမယ့် အသင်းအနေနဲ့ အများကြီး ပြောင်းလဲဖို့တော့ လိုအပ်ပါလိမ့်မယ်”ဟု Cristiano Ronaldo က Piers Morgan နှင့် အင်တာဗျုးတွင် ပြောကြားခဲ့သည်။