၆. ၁၂. ၂၀၂၃
Written by Nay Aung
ထိုင်းစစ်တပ်သည် ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားနေရပ်စွန့်ခွာတိမ်းရှောင်သူ ထောင် ပေါင်းများစွာကို မြန်မာနိုင်ငံထဲသို့ ပြန်ခိုင်းခဲ့သောကြောင့် အဆိုပါဒုက္ခသည်များမှာ အသက်အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW – Human Rights Watch) က ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းစစ်တပ်သည် ၂၀၂၃ အောက်တိုဘာလနှောင်းပိုင်းတွင် နယ်စပ်ဒေသများ၌ ခိုလှုံနေကြသော မြန်မာနေရပ်စွန့်ခွာသူများကို ကယားပြည်နယ်သို့ပြန်ရန် ဖိအားပေးခြင်းများလည်းရှိနေကြောင်း HRW က သတင်းထုတ်ပြန်ထားသည်။
“ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာသေးမီက ရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေတာ ရပ်တန်းကရပ်ပြီး ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်ပေးသင့်တယ်။ ဒီဒုက္ခသည်တွေ အများအပြား ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းကို ပြန်ရောက်လာကြတာဟာ မြန်မာပြည်တွင်းမှာ အသက်အန္တရာယ်လုံခြုံရေးအတွက် သူတို့ ဘယ်လောက်စိုးရိမ်နေကြတယ်ဆိုတာ ဖော်ပြနေတယ်”ဟု HRW ၏ အာရှဒါရိုက်တာ အယ်လီယာနီ ပီယာဆန် Elaine Pearson က ပြောသည်။
ထိုင်းနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်များ အလယ်ပိုင်းကတည်းက ဒုက္ခသည်စခန်းကိုးခုတွင် မြန်မာနေရပ်စွန့်ခွာတိမ်းရှောင်နေသူ ၉၀၀၀၀ ခန့်ကို ခိုလှုံခွင့်ပေးခဲ့သည်။၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၄၅၀၀၀ ထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်းကို နေရပ်စွန့်ခွာ ထပ်မံတိမ်းရှောင်ရမှုများရှိခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရက အဆိုပါ ရောက်ရှိလာသူများကို နယ်စပ်အနီးရှိ တရားဝင်မဟုတ်သည့် ယာယီတဲများတွင် နေထိုင်ခွင့်ပြုခဲ့သော်လည်း မကြာခဏ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ခဲ့ကြောင်းသိရသည်။ ထိုင်းအာဏာပိုင်များသည် ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ အသစ်ရောက်ရှိလာသူများကို လက်ရှိ ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့်မပြုဘဲ ထိုသူများအား ကူးသန်းသွားလာမှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဝန်ဆောင်မှုများ မပေးဘဲ တင်းကျပ်စွာ ကန့်သတ်ထားကြောင်း HRW က ဖော်ပြထားသည်။
ကယားပြည်နယ်တွင် မကြာခဏဖြစ်ပွားလျက်ရှိသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇူလိုင်လတွင် မြန်မာဒုက္ခသည် ၉၀၀၀ ခန့်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆိုင်ခရိုင်သို့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ပြီး ထိုင်းအာဏာပိုင်များက ၎င်းတို့အား တရားဝင်မဟုတ်သည့် ယာယီတဲများတွင် နေထိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
HRW ၏ အာရှဒါရိုက်တာ အယ်လီယာနီ ပီယာဆန်က“ထိုင်းအစိုးရအနေနဲ့ အသစ်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရနိုင်အောင် ခွင့်ပြုပေးသင့်ပြီးအကာအကွယ်ရှာတဲ့သူတွေကို ကူညီပေးသင့်တယ်။ ထိုင်းအာဏာပိုင်တွေဟာ မြန်မာပြည်မှာအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်မပို့သင့်ဘူး”ဟု ပြောသည်။
Ref; HRW