October 19, 2024

၆. ၁၂. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယား K-pop မိန်းကလေးအဖွဲ့ Blackpink ရဲ့ အဖွဲ့ဝင် လေးဦးစလုံးဟာ အဖွဲ့လိုက်လှုပ်ရှားမှုတွေအတွက် အရင်အေဂျင်စီအဟောင်းဖြစ်ပြီး အကြီးဆုံးအေဂျင်စီတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ YG Entertainment နဲ့ပဲ စာချုပ်သက်တမ်း ထပ်တိုးခဲ့သလို ကုမ္ပဏီရဲ့ရှယ်ယာတွေဟာလည်း သုံးပုံတစ်ပုံနီးပါး တက်လာခဲ့တယ်လို့ YG Entertainment က ဒီနေ့(ဒီဇင်ဘာလ ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

လအတော်ကြာအောင် Blackpink အဖွဲ့ဝင်တချို့ဟာ YG နဲ့ စာချုပ်ဆက်လက်မချုပ်ဆိုတော့ဘူးလို့ ထင်ကြေးပေးမှုတွေရှိခဲ့တာကြောင့် ကုမ္ပဏီရဲ့ ရှယ်ယာအပိုင်းမှာလည်း ဖိအားတွေရှိခဲ့တာဖြစ်ပြီး “ခိုင်မာတဲ့ယုံကြည်မှုနဲ့အတူ Blackpink နဲ့ အလေးအနက်ဆွေးနွေးပြီးနောက် အဖွဲ့ရဲ့လှုပ်ရှားမှုတွေအတွက် သီးသန့်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်” လို့ YG Entertainment က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

YG ရဲ့ ပံ့ပိုးကူညီမှုနဲ့ Blackpink အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie၊ Jisoo၊ Lisa၊ Rose တို့က တေးသီချင်းအသစ်တွေထုတ်ပြီး အကြီးစားကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကျင်းပတာတွေနဲ့အတူ ကမ္ဘာတဝှမ်းက ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်သွားကြဦးမှာ ဖြစ်လို့ ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ပြုပေးနေကြပါတယ်။

Blackpink အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့လက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးမှုမှာ သူတို့ရဲ့လုပ်ဆောင်မှုတွေအတွက် ဗြိတိန်ဘုရင် Charles III ဆီကနေ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံခဲ့ရပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *