၆. ၁၂. ၂၀၂၃
Written by Ye Kyaw
ဆီပြတ်တောက်နေ၍ ဒီဇင်ဘာ ၅ ရက် (ယမန်နေ့) ညနေပိုင်းမှစ၍ ပိတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များ ယနေ့ နံနက် ၈ နာရီခွဲအထိ ဆီဆိုင်အချို့ ဆက်လက်ပိတ်ထားပြီး ရောင်းပေးသည့် ဆီဆိုင်အနည်းငယ်မှသာ တန်းစီဝယ်ယူနေရကြောင်း သိရသည်။
“မနေ့က ညနေ ၄ နာရီလောက်ကတည်းက ဆီထည့်ဖို့ တိုင်ပတ်နေတာ။ ဆီထည့်ဖို့ ဆိုင်ရှာရင်းနဲ့ ကိုယ့်ရှိတဲ့ဆီတောင် မကျန်တော့လို့ ဒီမှာပဲ ရပ်စောင့်နေတာ ဘယ်အချိန်ပေးပေးဆိုပြီးတော့ပေါ့။ အခုထိတော့ မရသေးဘူး။ ဆိုင်းဘုတ်လည်း ချိတ်ထားတယ်လေ။ ရတဲ့အချိန်မှပေါ့။ ထပ်ရွှေ့စရာဆီလည်းမရှိတော့ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ စက်သုံးဆီဆိုင်တွင် တန်းစီနေသူတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် စက်သုံးဆီအရောင်းဆိုင်အချို့သာ ပြန်လည်ဖွင့်လှစ်လာပြီး ရောင်းချပေးသည့် ဆီအရောင်းဆိုင်များတွင်လည်း တန်းစီဝယ်ယူရသည့်အပြင် မည်မျှရောင်းပေးမည်ကို မသိရှိကြောင်းနှင့် အချိန်ကြာမြင့်စွာ တန်းစီနေရကြောင်း သိရသည်။
“တန်းစီရတာတော့ ၂ နာရီလောက်ရှိပြီ။ တော်သေးတာက ရောင်းပေးလို့လေ။ ဘယ်လောက်ဖိုး ရောင်းပေးတယ်ဆိုတာတော့ ဆိုင်ထဲရောက်မှပဲသိမယ်။ ဆီပြတ်ရင် ကျွန်တော်တို့က ဒီဆိုင်ပဲ လာတန်းစီတာများတယ်” ဟု တာမွေအဝိုင်းအနီး အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ဆီဆိုင်တွင် လာရောက်တန်းစီနေသူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှစ၍ ဆီဆိုင်များ ဆီမရောင်းပေးတော့ဘဲ ဒီဇင်ဘာ ၆ ရက် (ယနေ့) နံနက်ပိုင်းတွင် ရောင်းချပေးမည်ဆိုသော်လည်း ယနေ့ နံနက်တွင် ရန်ကုန်မြို့တွင်း ဆီဆိုင်များ မဖွင့်လှစ်သေးခြင်းကြောင့် အမြန်လမ်း (၀) မိုင်အထိ သွားရောက်ဆီဖြည့်ရသည့် အခြေအနေများလည်း ရှိကြောင်း သိရသည်။
“မနက် ၅ နာရီကတည်းက ဆီဆိုင်တိုင်းမှာ ကားတန်းစီနေကြတာ ကားတန်းကြီးက တစ်မိုင်လောက်ရှိတယ်။ ကိုယ်တွေလည်း အမြန်လမ်း (၀) မိုင်က ဆီဆိုင်မှာ တန်းစီပြီးစောင့်နေတာ။ ကိုယ့်ရှေ့မှာ ကား ၅ စီးပဲဆိုပြီးစောင့်နေတာပဲ။ ၂ နာရီစောင့်ပြီး ၇ နာရီကျော်လည်း ဘာမှမရသေးဘူး။ အိမ်ပြန်ဖို့ဆီတောင် ကားထဲမကျန်တော့မှတော့ နောက်ပြန်လှည့်စရာလည်းမရှိတော့ဘူး” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
သီလဝါ Terminal များမှ ဆီထုတ်ရန် ခက်ခဲနေမှုများကြောင့် ဒီဇင်ဘာ ၅ ရက် (ယမန်နေ့) နံနက်ပိုင်းမစ၍ ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းများ မဖွင့်လှစ်ဘဲ ဆီမရောင်းချပေးသည့်အပြင် ယခင်ကဲ့သို့ တန်းစီ၍ပင် ဝယ်ယူမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၆ ရက် ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။
ပုံစာ- သီလဝါတွင် ဆီသယ်ယာဥ်များ တန်းစီနေသည့်မြင်ကွင်း (Photo – Credit) နှင့် ယနေ့ နံနက်ပိုင်းတွင် ပိတ်ထားသည့် ဆီဆိုင်များနှင့် ဆီရောင်းပေးနေသည့် ဆိုင်အချို့ကို တွေ့ရစဉ်