October 23, 2024

MT News

Written by Nay Moe

အလယ်တန်းပြဆရာမဖြစ်သူ သမီးငယ်နှင့် ကျောင်းစောင့်ဖြစ်သူဖခင်တို့အား ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်မှု မြိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း SAC က နိုဝင်ဘာ ၂၂ ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညှင်းကျေးရွာသို့ PDF များ ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ မုံညှင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းစောင့်ဖြစ်သူ ဦးစန်းလွင်(၅၆)နှစ် (ဘ)ဦးအောင်ဖေနှင့် ၎င်း၏သမီးဖြစ်သူ ပေါက်မြို့နယ်၊ မြသိန်းတန် ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဒုတိယအလယ်တန်းပြ ကျောင်းဆရာမဖြစ်သူ မဇင်ဝေလွင်(၃၅)နှစ်တို့အား “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးစန်းလွင်နှင့် မဇင်ဝေလွင်တို့ သားအဖနှစ်ဦးတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သဲဖြူချောင်းဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF များ ရောက်လာပြီး ကျောင်းဝင်းအတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းနံရံများ၊ အိမ်သာနံရံများ၊ စာရေးစားပွဲခုံများ၊ ကျောင်းသုံးစာအုပ်များ အပေါ်တွင် သင်္ဘောဆေးများဖြင့် “PDF/PDS” စာသားများရေးသားထားကာ စာသင်ကျောင်းအတွင်းရှိ ဗီဒိုများ၊ ရုံးသုံးပစ္စည်းစာရေး ကိရိယာများအား မွှေနှောက်ဖျက်ဆီးခဲ့သဖြင့် ကျောင်းသုံးစာရွက်စာတမ်းများ ပျက်စီးခဲ့ကြောင်းနှင့် သဲဖြူချောင်းဝအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆရာ၊ ဆရာမ ၃ ဦးမှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု သိရပြီး လက်ရှိအချိန်တွင် ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရသည့် ဆရာ၊ ဆရာမ ၄၀ ကျော် ရှိလာပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *