၅. ၁၂. ၂၀၂၃
Written by Nay Moe
NUG နဲ့ PDF တို့ကို အဓိကထောက်ပံ့နေတဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ ထက်ဝက်ကို PDF တို့ ကျုးလွန်နေတယ်လို့ အစီရင်ခံစာနဲ့ ကမ္ဘာသိဖော်ထုတ်အပြီးမှာတော့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ဆက်သွယ်ရေး အလေးထားပေးဖို့ ဖွင့်ဟလာပါတယ်။
မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေရဲ့ထက်ဝက်ကို NUG ဩဇာခံ PDF တို့က ကျူးလွန်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ Bethesda မြို့က ကမ္ဘာ့အကြမ်းဖက်မှုအလားအလာနဲ့ သုတေသနပြုစင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဗျူရိုအတွက် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများ၌အကြမ်းဖက်မှုများဖြစ်ပွားမှုအပေါ် သုတေသနပြုလုပ်တင်ပြခဲ့တဲ့ Country Reports on Terrorism 2022 အစီရင်ခံစာနဲ့ နိုဝင်ဘာ ၃၀ ရက်မှာ ကမ္ဘာသိ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သုတေသနပြုချက်အရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက အကြမ်းဖက်မှုအဖြစ်အများဆုံးနဲ့ အကြမ်းဖက်မှုကြောင့်သေဆုံးရသူအများဆုံး ဆယ်နိုင်ငံမှာ ပါဝင်နေတယ်လိုလည်း ဖော်ပြလိုက်ပါတယ်။
သုတေသနအရ ၂၀၂၂ ခုနှစ်အတွင်း ကွန်ဂိုနိုင်ငံက အကြမ်းဖက်ဖြစ်ပွားမှု ၉၈၄ မှုနဲ့ ကမ္ဘာပေါ် ပထမ၊ ဆီးရီးယားက အကြမ်းဖက်ဖြစ်ပွားမှု ၉၁၅ ကြိမ်နဲ့ ဒုတိယ၊ နိုင်ဂျီးရီးယားက အကြမ်းဖက်ဖြစ်ပွားမှု ၆၃၂ ကြိမ်နဲ့ တတိယရပြီး မြန်မာကတော့ အကြမ်းဖက်ဖြစ်ပွားမှု ၃၉၁ မှုနဲ့ ကမ္ဘာပေါ်က အကြမ်းဖက်မှုအဖြစ်အများဆုံးဆယ်နိုင်ငံမှာ အဆင့် ၈ နေရာရခဲ့သလို အကြမ်းဖက်မှုကြောင့် ပြည်သူသေဆုံးရသူအများဆုံး ဆယ်နိုင်ငံမှာလည်း ကွန်ဂိုက အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၃,၄၅၈ ဦးနဲ့ ပထမ၊ နိုင်ဂျီးရီးယားက အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၂,၉၂၆ ဦးနဲ့ ဒုတိယနဲ့ မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၂,၁၃၀ ဦးနဲ့ တတိယနေရာရှိနေခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
သုတေသနအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြစ်ပွားမှုအကြိမ်ပေါင်း ၃၉၁ မှုကြောင့် သေဆုံးရသူ ၂,၁၃၀ ဦး ရှိတယ်ဆိုရာမှာ ဒီအကြမ်းဖက်မှုတွေကို အဓိကကျူးလွန်တာက NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(People’s Defense Force) ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှု ၁၉၈ မှု(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၅၀ ရာခိုင်နှုန်း)ကို ကျူးလွန်ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ သူ့နောက်မှာ ချင်းကာကွယ် ရေးတပ်ဖွဲ(CDF) က ၂၉ ကြိမ်(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၇ ရာခိုင်နှုန်း)၊ ကရင်နီလူမျိုးစုဖြစ်တဲ့ ကယားလက်နက်ကိုင်တွေက ၂၇ ကြိမ်(ဖြစ်ပွားသမျှအကြမ်း ဖက်မှုများ၏ ၇ ရာခိုင်နှုန်း) ကို ၂၀၂၂ ခုနှစ်အတွင်းကျူးလွန်ခဲ့ကြပြီး ဖြစ်ပွားသမျှအကြမ်းဖက်မှုတွေရဲ့ ၁၄ ရာခိုင်နှုန်းကိုတော့ ကျူးလွန်သူ စုံစမ်းမရဘူးလိုလည်း ဖော်ပြခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက PDF တွေရဲ့ အကြမ်းဖက်မှုကို ဒီလိုမျိုး ကမ္ဘာသိထုတ်ပြန်လိုက်တာက အမေရိကန်ရဲ့ ထောက်ပံ့မှုကို ရယူနေတဲ့ NUG အတွက် အကျပ်အတည်းတွေ့စေခဲ့သလို ဒီလိုအခြေအနေတွေကြောင့် ဒူဝါလရှီးလက NUG အဖွဲ့ဝင်တွေကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ဆက်သွယ်ရေး အလေးထားပေးဖို့နဲ့ ပတ်သက်ပြီး “တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ သဘောထားဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပထဝီဆုံချက်နေရာမှာ ရှိနေပါတယ်။ ပြည်တွင်းက စစ်ရေးနဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ရိုက်ပတ်သက်နေကြရတာ ဖြစ်ပါတယ်။ ဒီလို ပတ်သက်ထိစပ်နေတဲ့ နယ်ပယ်ကဏ္ဍ အမြောက်အမြား ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့အစိုးရအဖွဲဝင်တွေ အားလုံး သိနားလည်ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား သံတမန်ဆက်သွယ်မှုတွေကို အလေးအနက်ထားကြဖို လိုတယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာ စဉ်းစားချက်တွေ သုံးသပ်ပြီး ပြောင်းလဲလာတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းထဲက တော်လှန် ရေးအတွက် အထောက်အပံ့ကောင်းတွေ ရရှိအောင် ကြိုးစားလုပ်ဆောင်ကြဖို လိုတယ်လို့ ပြောချင်ပါတယ်” လို့ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။