၅. ၁၂. ၂၀၂၃
Written by Ye Kyaw
ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း မြန်မာအစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများ ပါဝင်သည့်အဖွဲ့အစည်း တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်းကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက် ရက်စွဲပါ စာအမှတ်၊ SEZ/ဗဟိုလုပ်ငန်း/၂၀၂၃ (၃၄၀)ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ပါဝင်သည့် အဖွဲ့အစည်း (Myanmar GDE Consortium) ဖွဲ့စည်းရေးအတွက် စိစစ်ရွေးချယ်ရေးကော်မတီကို မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအခန်း (၄)၊ ပုဒ်မ (၈)၊ ပုဒ်မခွဲ (ဆ)အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
စိစစ် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အဖွဲ့ဝင်များအဖြစ် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝင်းမြင့်၊ ပြင်ပဥပဒေပညာရှင် ဒေါက်တာမောင်မောင်သိမ်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးချုပ်၊ အတွင်းရေးမှူးအဖြစ် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ Myanmar GDE Consortium အဖွဲ့စည်းနိုင်ရေးအတွက် စိစစ် ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန် အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ပါဝင်နိုင်ရေးဆောင်ရွက်ရန်ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံသား ပိုင်ကုမ္ပဏီများပါဝင်သည့် (Myanmar GDE Consortium) ကို ဒေါ်လာငါးသန်း ထည့်ဝင်နိုင်မည့် မြန်မာကုမ္ပဏီများဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ နိုဝင်ဘာ ၄ ရက်တွင် ကြေညာထားသည်။