၅. ၁၂. ၂၀၂၃
Written by Pan Ei
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က စပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပနေတဲ့ Mobile Legends Bang Bang (MLBB) ရဲ့ World Championship M5 ပွဲစဉ်ကြီးရဲ့အုပ်စုအဆင့် စတုတ္ထနေ့ပွဲစဉ်တွေမှာ မြန်မာကိုယ်စားပြုအသင်း Burmese Ghouls က မွန်ဂိုလီးယားနိုင်ငံအသင်းဖြစ်တဲ့ Team Lilgunကို ၂ ပွဲပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး Burmese Ghouls အသင်းအနေနဲ့ အုပ်စုတက်နိုင်ဖို့ မျှော်လင့်ချက်တွေ ပိုမိုအားကောင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။
Burmese Ghouls အသင်းအနေနဲ့ M5 ပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်မှာ အိမ်ရှင် ဖိလစ်ပိုင်အသင်း AP Bren ကိုရှုံးနိမ့်ခဲ့ရသလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စင်ကာပူအသင်း Team Flash နဲ့ ပွဲစဉ်မှာလည်း ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ပွဲစဉ်တွေအထိ တက်နိုင်ဖို့ မျှော်လင့်ချက်ဟာ မှေးမှိန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲစဉ်အပြီးမှာတော့ Burmese Ghouls ကျရောက်နေတဲ့ အုပ်စု C က အသင်းတွေရဲ့ ပွဲစဉ်ရလဒ်တွေအရ မနက်ဖြန် ကစားမယ့် Ap Bren နဲ့ Team Flash ပွဲစဉ်မှာ Ap Bren သာ အနိုင်ရရှိမယ်ဆိုရင် Burmese Ghouls အသင်းဟာ အုပ်စု ဒုတိယအနေနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ဖို့ ပိုပြီးနီးစပ်သွားမှာပါ။
ဒီနေ့ပွဲမှာတော့ Burmese Ghouls အနေနဲ့ Team Flash ကို အနိုင်ယူထားတဲ့ Team Lilgun ကို ကစားကွက် အသာတွေနဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး Game 1 ကို ပွဲချိန် ၁၂ မိနစ်ကျော်၊ Game 2 ကိုတော့ ၁၄ မိနစ်ကျော်လောက်နဲ့ အဆုံးသတ်ကာ အနိုင်ပွဲကိုရယူခဲ့တာပါ။
ဒီနေ့ပွဲကိုသာ ရှုံးနိမ့်ခဲ့ရင် အုပ်စုအဆင့်ကနေပဲ ထွက်ခွာရတော့မယ့် အခြေအနေဖြစ်ခဲ့ပေမယ့် ပိုမို သန်မာတဲ့ ပုံစံတစ်ခုနဲ့ ပြန်ထလာခဲ့တဲ့ Burmese Ghouls အသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ မနက်ဖြန်မှာ ကျန်ရှိနေတဲ့ တခြားသော အသင်းတွေရဲ့ အုပ်စုပွဲစဉ်တွေကို စောင့်ကြည့်ရမှာဖြစ်ပြီး Burmese Ghouls ရဲ့ အုပ်စုပွဲစဉ်တွေကတော့ နှစ်ပွဲရှုံး တစ်ပွဲနိုင်ဆိုတဲ့ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။