၅. ၁၂. ၂၀၂၃
Written By Thandar
MRTV-4 ရုပ်သံလိုင်းတွေကတစ်ဆင့် ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့ သရုပ်ဆောင် ရှင်မွေလကတော့ လူရွှင်တော်ကြီးတွေ အသက်ရလာတော့ အနုပညာဝမ်းစာပြည့်နေပေမယ့် ခန္ဓာကိုယ်ကြီးက မလိုက်နိုင်လို့ ရပ်နားလိုက်ရတာမို့ လူကိုရော ပညာတွေကိုရော နှမြောမိတယ်လို့ ဖွင့်ဟလာပါတယ်။
“အငြိမ့်ကို ခေတ်တစ်ခေတ်ပြန်ဖြစ်စေချင်တယ်။ ကျွန်တော် ငယ်ငယ်က အရမ်း အငြိမ့်တွေ ပြဇာတ်တွေ ကြိုက်ခဲ့တော့လေ။ အငြိမ့်ပညာရှင် လူရွှင်တော်ကြီးတွေကိုလည်း လေးစားပါတယ်။ ကိုယ်ငယ်ငယ်က အရမ်းသဘောကျခဲ့ရတဲ့ ဟာသသရုပ်ဆောင်တွေက အသက်တွေကြီးလာတော့ စိတ်မကောင်းဖြစ်မိတယ်။ အငြိမ့်ခေတ်တုန်းက ကျွန်တော်က အငြိမ့်ကို အရမ်းကြိုက်ခဲ့တာဆိုတော့ ဝါရင့်သရုပ်ဆောင် လူရွှင်တော်တွေ အကုန်လုံးနဲ့ အငြိမ့် ကချင်တာပါ။ စင်အတွေ့အကြုံလေးရချင်လို့။ တချို့ လူရွှင်တော်တွေ ကျန်းမာရေးကြောင့် မထနိုင်တော့ဘူး။ ရင်ထဲမှာတော့ အနုပညာဝမ်းစာတွေက ပြည့်နေတာပဲလေ။ အနုပညာဝမ်းစာတွေ ရပ်နား ပင်စင်ပေးလိုက်ရတာဆိုတော့။ လူရွှင်တော်ကြီးတွေ အသက်ရလာတော့ ခန္ဓာကိုယ်ကြီးက မလိုက်နိုင်လို့ ရပ်နားလိုက်ရတာမို့ လူကိုရော ပညာတွေကိုရော နှမြောမိတယ်” လို့ သရုပ်ဆောင် ရှင်မွေလက ပြောပါတယ်။
သူဟာ လက်ရှိမှာ ဗိုက် ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးနေလျှက်ရှိပြီး ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေနဲ့ စဥ်ဆက်မပြတ်အောင် အနုပညာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကို မတူညီတဲ့ ရသတွေပေးချင်တဲ့အတွက် ကာရိုက်တာမျိုးစုံကို ရိုက်ကူးထားလျှက် ရှိတယ်လို့ သိရပါတယ်။
“ဒရာမာတွေ ရိုက်ရတာကြိုက်တယ်။ ဒရာမာက ခံစားချက်တွေထည့်ပြီး Feeling ငြိမ်ပြီးတော့ ပြောရတာ ကြိုက်တယ်။ ဟာသကားကြတော့လည်း အပြင်ကာရိုက်တာကြတော့ ကိုယ်တိုင်က ပြောင်ချော်ချော်နေတော့ ဟာသကားတွေလည်း ကြိုက်ပါတယ်။ ဒရာမာဇာတ်တွေ ပတ်သက်ရင်တော့ လူတိုင်းမှာ ဝမ်းနည်းစရာ ရှိတာကို ပြန်တွေးပြီးတော့ သရုပ်ဆောင်ရင် ပရိသတ်ထပ်တူကျရင် ပရိသတ် ဝမ်းနည်းကြတယ်။ ရီရတာဆိုတာက တော်တော်လေးကို ခက်တယ်။ လူတိုင်း ရီဖို့မလွယ်တဲ့အတွက် ဟာသပညာ တော်တော်ခက်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။