October 19, 2024

၄. ၁၂. ၂၀၂၃

Written by Min Har

ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးဘေးမှာရှိတဲ့ စတိုးဆိုင်ရှေ့ အမှိုက်ပုံးအတွင်းမှ လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စု၊ အုန်းချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး၊ အုန်းချောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော အမျိုးသားတစ်ဦးပိုင်ဆိုင်သည့် ”—-” စတိုးဆိုင်ရှေ့ရှိ အမှိုက်ပုံးအတွင်းမှ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ၎င်းပေါက်ကွဲမှုကြောင့် ဆိုင်ရှေ့ရောင်းရန်ခင်းထားသောပစ္စည်းအနည်း ပျက်စီးသွားသည်မှအပ လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

“ဗုံးကွဲတဲ့နားက စတိုးဆိုင်ပိုင်ရှင်က NLD ပါတီထောက်ခံတဲ့ အမာခံရဲ့ အိမ်ရှေ့မှာဖြစ်တာ။ သူတောင်အစက ၅၀၅ နဲ့ အဖမ်းခံရပြီး နောက်တော့ ခံဝန်နဲ့ပြန်လွတ်လာတာပါ။ ကံကောင်းလို့ လူတွေဆိုင်ရှေ့မရှိတဲ့အချိန် ထပေါက်လို့တော်သေး။ လူနဲ့ အဆောက်အဦတော့ ဘာမှထိခိုက်တာမရှိဘူး။ အသံတော့နည်းနည်းကျယ်တယ်။ သူတို့ချင်း တစ်ခုခုမတည့်လို့ လုပ်တာလား။ ဒါမှမဟုတ် ဗုံးကွဲတဲ့ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ အုပ်ချုပ်ရေးမှူးရုံးရှိတော့ ရုံးကိုပဲ ခွဲချင်လို့ လာခြိမ်းခြောက်တာလားလို့ အမျိုးမျိုးပြောနေကြတယ်။ ရုံးရှေ့ သွားခွဲမရတော့ မျက်နှာချင်း ဆိုင်ခွဲသွားတာလားမသိ။ ဘယ်သူလာပစ်သွား လာထောင်သွားမှန်းကို မသိတာ။ ရဲတွေရောက်လာတော့ နီးစပ်ရာ CCTV တွေ တောင်းကြည့်သွားတာပါပဲ”ဟု ရွာခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါပေါက်ကွဲမှုကို မည်သည့်အဖွဲ့၊ မည်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်သည်ဟု ယခုချိန်ထိ တစ်စုံတစ်ရာပြောဆိုထားခြင်းမျိုး မတွေ့ရှိရသေးကာ အခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာအဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည့်အပြင် CCTV ရှိသည့်နေရာများကိုလည်း လိုက်လံကြည့်ရှုခဲ့သော်လည်း တစ်စုံတစ်ရာပြောပြခြင်းမရှိကြောင်း ”ဝင်း” စတိုးဆိုင်မှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *