October 19, 2024

၄. ၁၂. ၂၀၂၃

Written by Nyein Kyaw

စစ်မှုထမ်းဟောင်းများ၊ ခွင့်မဲ့စစ်သည်များနှင့် ဆေးခွင့်ဖြင့် တပ်မတော်မှ ထွက်ခွင့်ရရှိထားသူများက တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုခဲ့၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံတော်တာဝန် ပြန်လည်ထမ်းဆောင်ရန် ဆက်သွယ်လာသူဦးရေ ထောင်နှင့်ချီရှိနေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ခွင့်မဲ့စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ဆေး/ကျန်းမာရေးအခြေအနေကြောင့် ထွက်ခွင့်ကျထားတဲ့သူတွေက ဆက်သွယ်လာကြပါတယ်။ ဒီနေ့ နေ့လည်ပိုင်းအထိ တပ်မတော်မှာ စစ်မှုထမ်းဆောင်နိုင်ဖို့ ဆက်သွယ်တဲ့သူပေါင်း ထောင်နဲ့ချီပြီး ရှိသွားပြီဖြစ်ပါတယ်။ ဒီထဲမှာ တချို့စိတ်ဓာတ်ပြင်းထန်တဲ့သူတွေဆိုရင် အသက်ကြီးနေပေမဲ့လည်း သူ့ကို စစ်ဆင်ရေးတာဝန်ပဲပေးပါ။ ကျန်တဲ့တာဝန်များ မထမ်းဆောင်ချင်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ လုံခြုံရေးတာဝန်ပဲ ပေးအပ်နိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေး စသူများက ဆက်သွယ်တင်ပြလာမှုများအရ သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များကို ပြန်လည် လက်ခံပေးသွားမည်ဖြစ်ကြောင်း SAC မှ နိုဝင်ဘာ ၃ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီကြေညာချက်မထွက်ခင်ကတည်းက စာနဲ့ဆန္ဒပြုတာတွေ၊ လူကိုယ်တိုင် တွေ့ပြီး ဆန္ဒပြုတဲ့သူတွေ ၅၀၀ ကျော်လောက်ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်မတိုင်မီ ခွင့်မဲ့ပျက်ကွက် ကြေညာခံထားရသူများ၊ တပ်မတော်တွင် စစ်မှုထမ်းရန် ရည်ရွယ်ချက်နှင့် ပြန်လာရန် ဆက်သွယ်လာသူများကို စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်အဖြစ်သာ သတ်မှတ်ပြီး စစ်သည်များကို စစ်မှုထမ်းဆောင်ရန် လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *