October 18, 2024

◾ ပို့ကုန်သမားများက အနစ်နာခံ ဆောင်ရွက်နေသော် လည်း သွင်းကုန်သမားများကသာ အကျိုးခံစားနေဟု ဆို

၄. ၁၂. ၂၀၂၃

Written by Nyein Kyaw

စိုက်ပျိုးရေးသီးနှံဖြစ်သည့် ဆန်၊ ပြောင်း၊ ပဲနှင့် အခြားထွက်ကုန်များ ပြည်ပတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေအား ၇၀ ရာခိုင်နှုန်းအထိ သုံးစွဲခွင့်ပြုရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) တွင် ပြောကြားခဲ့သည်။

ရာဘာလုပ်ငန်းရှင်များအား ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို သုံးစွဲခွင့်ပေးထားကြောင်း၊ အခြားအဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ဆန်၊ ပြောင်း၊ ပဲနှင့် ထွက်ကုန်များ ပြည်ပတင်ပို့မှု (Export)ကိုလည်း ၎င်းအတိုင်းဖြေလျှော့မှုပေးနိုင်ရေး လျာထားဆောင်ရွက်သကဲ့သို့ ၎င်းရငွေမှ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံသွင်းအားစုများ တိုက်ရိုက် တင်သွင်းနိုင်ရေး ဆောင်ရွက်၍ စီးပွားရေးမြှင့်တင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပို့ကုန်လုပ်ငန်းရှင်များက ပို့ကုန်ရငွေနှင့်ပတ်သက်ပြီး အနစ်နာခံ၍ ဆောင်ရွက်ပေးနေသော်လည်း သွင်းကုန်သမားများက အကျိုးခံစားနေရခြင်းဖြစ်သောကြောင့် အဆိုပါကိစ္စရပ်များကိုလည်း တတ်နိုင်သမျှ ဖြေလျှော့မှုများ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့မှုမှ ရရှိသော ပို့ကုန်ရငွေ (ဒေါ်လာ)၏ ၅၀ ရာခိုင်နှုန်းကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ရောင်းချနေရသည့်အပြင် ကျန်ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကိုလည်း ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချခွင့်မရရှိဘဲ ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၂၉၀၀ ဝန်းကျင်ဖြင့်သာ ရောင်းချနေရခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *