October 18, 2024

၄. ၁၂. ၂၀၂၃

Written by Nyein Kyaw

နောက်ကွယ်မှ ဖိအားများကြောင့် ပဲခူးတိုင်း၊ မုန်းမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားကြ၍ ယနေ့တွင် တချို့နေရာများသာ ထိတွေ့တိုက်ပွဲရှိခဲ့ပြီး အဝေးက ပစ်ခတ်မှုသာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“NUG ရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့လည်းရှိပါသေးတယ်။ နိုင်ငံလည်း ရှိပါသေးတယ်။ နောက်ကွယ်ကနေပြီးတော့ အတင်းဖိအားပေးမှုကြောင့် သူတို့အနေနဲ့ မုန်းမြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာဖြစ်တယ်။ တိုက်ခိုက်တဲ့အခါမှာ မနေ့ညကတည်းက ရန်သူဘက်က အကျအဆုံးများစွာရှိပါတယ်။ ဒီနေ့မှာလည်း မနက်ကတည်းက စပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ လာရောက်တိုက်ခိုက်နေတာရှိတယ်။ ဒီနေရာမှာ မုန်းမြို့ရဲ့ အရှေ့ဘက်အစွန်မှာရှိတဲ့ တပ်ရင်းတစ်ရင်း ရှိပါတယ်။ ဒီတပ်ရင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းအထိ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိနေပါတယ်။ ခုနကပြောတဲ့ သံတံတားစခန်းနဲ့ နောက် ထပ်တပ်ရင်း တစ်ရင်းမှာတော့ အဝေးကနေ ပစ်ခတ်မှုလောက်ပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက် (ယမန်နေ့) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ခြေလျင်တပ်၊ လေယာဉ်နှင့် အမြောက်တပ်များ ပူးတွဲစစ်ဆင်ခဲ့မှုကြောင့် ဝင်ရောက်တိုက်ခဲ့သည့် သောင်း ကျန်းသူများ အကျအဆုံးများစွာဖြင့် ယင်းနေ့ ညနေပိုင်းတွင် စတင်ဆုတ်ခွာခဲ့သည်။

မီဒီယာအချို့တွင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပဲခူးတိုင်းအတွင်း ပထမဆုံးသိမ်းနိုင်သော မြို့ဖြစ်ကြောင်း မဟုတ်မမှန် သတင်းများ ထုတ်လွှင့်လျက်ရှိပြီး ၎င်းတို့ အကျအဆုံးများမှု၊ ဆုတ်ခွာရန်ပြင်ဆင်နေရမှုများကိုမူ ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ပြည်သူများ ထင်ယောင်ထင်မှားဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံဖော်ပြခဲ့မှုများရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *