၅. ၁၂. ၂၀၂၃
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် ချယ်ရီပန်းပွဲတော်ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ၅ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။
ချယ်ရီပန်းပွဲတော်မှာ ချယ်ရီပန်းပွင့်ချိန် စုံလင်သော အနေအထားပေါ်မူတည်ကာ ကျင်းပရခြင်းဖြစ်သောကြောင့် လတ်တလောတွင် ဇန်နဝါရီလဆန်းပိုင်းတွင် ကျင်းပမည်ဟုသာ ပြောနိုင်သေးကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်တွင် စတင်ကျင်းပလာခဲ့ရာ ယခုအကြိမ်မှာ ၃ ကြိမ်မြောက်ဖြစ်ကြောင်း၊ ပွဲတော်တွင် ရှမ်း၊ အခါ၊ လားဟူ၊ အပါအဝင် အခြားသော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကများကိုပါ တင်ဆက်ဖျော်ဖြေသွားမည့်အပြင် အမှတ်တရရိုးရာ ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ ရောင်းချခြင်း၊ ဒေသထွက်ကုန် ပစ္စည်းများကိုပါ ရောင်း ချသည့်ဆိုင်ခန်းများလည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
လွိုင်မွေတောင်စခန်းဒေသသည် ကျိုင်းတုံမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးပြီးအင်္ဂလိပ်လက်ထက်ကစိုက်ပျိုးခဲ့သော ချယ်ရီပန်းပင်များရှိသကဲ့သို့ ခေတ်အဆက်ဆက်စီမံချက်ဖြင့် စိုက်ပျိုးခဲ့ သော ချယ်ရီပင်များလည်းရှိကာ ပန်းပွင့်ချိန်ရောက်ပါက ချယ်ရီပန်းများမှာ တစ်တောလုံးကို ဖုံးလွမ်းလျက်ရှိသည်။
လွိုင်မွေတောင်စခန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၅၄၂ တွင်တည်ရှိပြီး အထင်ကရ နေရာများအဖြစ် လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ်၊ စသည့်နေရာများအပြင် ချယ်ရီပန်းပွင့်ချိန်၌ လာရောက်လည်ပတ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
“ချယ်ရီပန်းပွဲတော်လုပ်ရတဲ့ရည်ရွယ်ချက်က အရင်တုန်းကလည်း ချယ်ရီပန်းပင်တွေ ရှိခဲ့ပါတယ်။ အခုခေတ်ကလည်း ဆိုရှယ်မီဒီယာခေတ်ဆိုတော့ ပွင့်တဲ့အချိန်လူတွေကလာတယ်။ ကြည့်ကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ ပန်းတွေချိုးသွားကြတယ်။ အဲ့ဒါမျိုးတွေဖြစ်နေတဲ့ အနေအ ထားတွေ့ရတယ်ဆိုတော့ ပန်းပွဲတော်ပြုလုပ်ပြီး ပန်းပင်တွေကိုထိန်းသိမ်းကြဖို့၊ ပန်းတွေမခူးကြဖို့၊ ဧည့်သည်တွေကို အသိပညာပေးရင်း ကြေညာတာတွေလုပ်တယ်။ လက်ရှိအပင်တွေကို ထိန်းသိမ်းသလို တခြားနေရာလွတ်တွေမှာလည်း ချယ်ရီပင်တွေစိုက်ပျိူးတယ်။ ပြုစုပျိုးထောင်တာတွေကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်”ဟုဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။