October 19, 2024

၄. ၁၂. ၂၀၂၃
Written by Phyo Wei

ထိုင်ဝမ်နိုင်ငံရောက် မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးသူတွေဟာ အကြမ်းဖက်အဖွဲ့တွေကို အဓိက ထောက်ပံ့နေတယ်လို့ ဝေဖန်သံတွေ ရှိလာခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ တရုတ်နိုင်ငံကလည်း တပ်မတော်(ရေ)နဲ့အတူ စစ်ရေးလေ့ကျင့်တာ၊ ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံမယ်လို့ပြောလာတဲ့အပြင် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေကို အဖြေရှာနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောလာခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ကယားပြည်နယ်က PDF တွေ အများပြည်သူပစ္စည်းတွေကို ရှေ့တန်းရော နောက်တန်းစစ်မျက်နှာပြင်မှာ မခိုးမဝှက် အလွဲသုံးစားမလုပ်ဖို့ DMO Local PDF က တားမြစ်စာထုတ်လာရတာ၊ လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်အပါအဝင် ငါးဦးအပြင် သူတို့မိသားစုဝင်တွေကိုပါ အရေးယူမှာဖြစ်ပြီး ကျန်တဲ့ ဝန်ထမ်း ၁၉၇ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ကယားလက်နက်ကိုင်တွေ ထုတ်ပြန်လာချိန်မှာပဲ နိုင်ငံ့ဝန်ထမ်းတွေကို ကယ်ထုတ်တယ်အမည်တပ်ပြီး မသက်ဆိုင်တဲ့ မိသားစုဝင်တွေကိုပါ အရေးယူတာ၊ ဝန်ထမ်းတွေထဲကပဲ သုံးဦးကို တပ်မတော်သားမိသားစုရှိလို့ သတ်ဖြတ်အရေးယူနိုင်တာနဲ့ ကယားပြည်နယ်က နယ်နှင်ဒဏ်ပေးလိုက်တဲ့ ဝန်ထမ်းနဲ့ မိသားစု ၁၉၇ ဦးရဲ့ ရွှေနဲ့ငွေတွေကို ကယားလက်နက်ကိုင်တွေက ပြန်မပေးဘဲ လုယက်ထားလိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ ဘူဆန်ကမ္ဘာ့မိတ်ဖက်ဖိုရမ်ကို SAC အစိုးရတက်ရောက်ဖို့ တောင်ကိုရီးယားအစိုးရ ဖိတ်ကြားလာတယ်ဆိုတဲ့ သတင်းတွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာက ပစ်ခတ်မှုတွေအတွက် တပ်လှန့်လာတဲ့အကြောင်း၊ NUG က မျက်နှာချင်းဆိုင်တွေ့ဆုံချင်တဲ့ SAC အစိုးရအကြောင်းနဲ့ အမေရိကန်က ကမ္ဘာသိထုတ်ပြန်လိုက်တဲ့ PDF တွေရဲ့ အကြမ်းဖက်မှုအကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာက ပစ်ခတ်မှုတွေအတွက် တပ်လှန့်လာမှု

“ရန်သူတွေအနေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ တပ်မတော်က တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကို ပစ်ခတ်တယ်။ ဆေးရုံကို ပစ်ခတ်တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ၊ မဟုတ်မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေ ဖန်တီးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာအခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံတစ်ခုလို သတ်မှတ်ထားတဲ့နေရာ။ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကို မပစ်မခတ်မချင်း အရပ်ဘက်အဆောက်အဦပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာအဆောက်အဦအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလာပါတယ်။

ဒီလိုမျိုး အများပြည်သူပိုင်တဲ့ အိမ်တွေကနေ ချောင်းမြောင်းပစ်ခတ်တာ၊ အစိုးရဌာနပိုင် အဆောက်အအုံတွေကနေ ခြေကုပ်ယူတာ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းနေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို လက်နက်ကိုင်တွေက ခြေကုပ်ယူ တိုက်ခိုက်မှုဟာ ၁၀၂၇ စစ်ဆင်ရေးကစတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပိုပြီးဆိုးရွားလာတာပါ။ လက်ရှိမှာ PDF တွေဟာ မြို့ ၂၀ လောက် သိမ်းနိုင်ပြီပြောထားပြီး အဲဒီမြို့ ၂၀ လောက်မှာ ပြည်သူတွေကလည်း ရှိမနေတာကြောင့် တပ်မတော်နဲ့ ထိတွေ့တာ၊ လေကြောင်းတိုက်ခိုက်ချိန်မှာ ပြည်သူ့အိမ်တွေကနေ ခံပစ်ပြီး ခံပစ်လို့ တပ်ကပြန်ပစ်ရင် ပြည်သူ့အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်ခတ်ဖျက်ဆီးနေတယ်လို့ အော်နေတဲ့အခြေအနေဖြစ်နေတာပါ။ ဒီလိုမျိုး ပြည်သူ့အိမ်ကို အကာအကွယ်ယူတိုက်ခိုက်နေလို့လည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲခံရတဲ့ ဒေသက စစ်ရှောင်ပြည်သူတွေက “မင်းတို့ကတော့ စစ်နိုင်ပြီး မြို့သိမ်းတယ်လို့ပြောတာပဲ။ ငါတို့မှာကြ ပြန်စရာအိမ်တောင် မရှိတော့ဘူး” ဆိုတဲ့ မချိတင်ကဲသံ အရမ်းကျယ်ကျယ်လောင်လောင် ပြောလာနေတာ တွေ့ရပါတယ်။

NUG တွေ့ဆုံချင်တဲ့ SAC အစိုးရ

ဂျပန်နိုင်ငံ Nikkei Asia သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်က ရေးသားခဲ့တဲ့ အယ်ဒီတာ့အာဘော် “Myanmar’s Shadow Government says ‘military is ready to collapse’ ” မှာ NUG ဟာ SAC အစိုးရနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ NUG နိုင်ငံခြား ရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီနေရာမှာ Nikkei က ပထမဆုံးဖော်ပြခဲ့တာက “ဇင်မာအောင်က သူမတို့ စင်ပြိုင်အစိုးရအနေနဲ့ တပ်မတော်အစိုးရနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိင်းရေးပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်လျက်ရှိပြီး အနာဂတ်နိုင်ငံတော်အတွက် သူမတို့စင်ပြိုင်အစိုးရရဲ့ မျှော်မှန်းချက် ပြီးပြည့်စုံဖို့နဲ့ ဖက်ဒရယ်နိုင်ငံတော်ကြီးအဖြစ် ဘယ်လိုလည်ပတ်တည်ဆောက်သွားမယ်ဆိုတာတို့အတွက် နီးစပ်လျက်ရှိပြီလို့ ပြောခဲ့ပါတယ်။ “ ၊ “ “ကျွန်မတိုဘက်က တွေ့ဆုံညှိနှိုင်းပွဲအတွက် အခြေခံစည်းမျဉ်းတွေကို မြန်မာစစ်အစိုးရဆီပို့ခဲ့ပါပြီ။ ဒါပေမယ့်အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်အနေအထားမရှိသေးဘူး” လို့လည်းသူမကပြောခဲ့ပါတယ်။ ဒါ့အပြင် “တွေ့ဆုံညှိနှိုင်းပွဲဖြစ်လာဖို့ စစ်အစိုးရအနေနဲ့ အာဆီယံရဲ့ အများတူညီ ဆန္ဒငါးချက်ကိုလိုက်နာဖို့လိုဟာမျိုးလို မရှိမဖြစ်လိုတာတွေကို ကျွန်မတို့မှာကြိုတင်သတ်မှတ်ချက်တွေ ရှိတယ်။” လို့လည်းပြောခဲ့ပါတယ်လို့ ကနဦး ဖော်ပြခဲ့ပါတယ်။

ဒီလိုဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်ဇင်မာအောင်က SAC အစိုးရနဲ့ မျက်နှာချင်းဆိုင်တွေ့မယ်ဆိုတဲ့စကားစု မပြောခဲ့ပါဘူးလို့ Personal Statement ထုတ် ငြင်းဆိုခဲ့အပြီးမှာတော့ Nikkei က “ဇင်မာအောင်က တွေ့ဆုံညှိနှိုင်းရေးအပေါ် အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်အနေအထား မရှိသေးသော်ငြားလည်း စင်ပြိုင်အစိုးရအနေနဲ့ တပ်မတော်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းဖို့ မငြင်းကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းရေးကိုအဆင့်လိုက်ဆောင်ရွက်နိုင်ဖို့ အခြေခံစည်းမျဉ်းများ၊ မူများချမှတ်ကာ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ မျှော်မှန်းထားသကဲ့သို့ဖြစ်လာရန် SAC အစိုးရက အများတူညီ ဆန္ဒငါးချက်ကို လိုက်နာရေးကဲ့သို့ မရှိမဖြစ် ကြိုတင်သတ်မှတ်ချက်များလည်းရှိကြောင်း ပြောသွားခဲ့ပါသေးတယ်”လို့ ပြန်လည်ပြင်ဆင်ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

Nikkei ရဲ့ အယ်ဒီတာ့အာဘော်ဟာ ဒေါ်ဇင်မာအောင်ပြော ဆိုခဲ့တာနဲ့ ထပ်တူဖြစ်ပြီး စကားလုံးအသုံးအနှုန်းတချို့လွဲခဲ့လို့သာ ပြင်ဆင်ခဲ့တာတွေ့ရပြီး အဓိပ္ပါယ်ကတော့ NUG ဟာ SAC အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါကြောင့်လည်း ဒေါ်ဇင်မာအောင်ဟာ Nikkei ကို တရားဝင်မငြင်းရဲဘဲ ကိုယ်ပိုင်ထုတ်ပြန်ချက်သာ ထုတ်ခဲ့ရတာဖြစ်ပါတယ်။ NUG ဟာ SAC အစိုးရနဲ့ မျက်နှာချင်းဆိုင်တွေ့နိုင်ဖို့ အမြဲကြိုးစားနေပြီး ပြီးခဲ့တဲ့နှစ်ကလည်း NUG ရဲ့ ယာယီသမ္မတဒူဝါလရှီးလကလည်း Reuters Next အစီအစဉ်မှာ SAC အစိုးရနဲ့ မဖြစ်မနေ ဆွေးနွေးရမယ်ဆို NUG က ကြိုတင်သတ်မှတ်ချက် ၄ ချက် ချမှတ်ထားပြီး အဲဒီ ၄ ချက်အရ ဆွေးနွေးမယ်လို့လည်း ကမ္ဘာသိပြောထားပါသေးတယ်။ NUG အနေနဲ့ ၂၀၂၃ ဟာ အဆုံးသတ်နှစ်အတွက် အဆုံးအဖြတ်မဖြစ်တော့တာ နားလည်လို့ပဲဖြစ်ဖြစ်၊ ၂၀၂၄ နှစ်ဆန်းပိုင်းမှာလည်း အောင်ပွဲမခံနိုင်ဘူးဆိုတာ တွက်ဆမိလို့ပဲဖြစ်ဖြစ်၊ လက်ရှိ သိမ်းထားတယ်ဆိုတဲ့ မြို့ ၂၀ ဟာ သိမ်းတာထက် ထိန်းတာ ပိုခက်တယ်ဆိုတာ တွေးမိလာလို့ပဲဖြစ်ဖြစ်၊ မြို့ ၂၀ သိမ်းထားနိုင်လို့ ငါတို့နိုင်လို့ ငြိမ်းချမ်းရေးစကား အပေါ်စီးကပြောလို့ရပြီ ထင်တာပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ လျှော့ချပြီး ငြိမ်းချမ်းဖို့ ကြိုးစားလာမယ်ဆိုတာကတော့ လက်ခံရမှာပဲဖြစ်ပါတယ်။ စစ်ဘောင်ကျယ်နေသရွေ့ ငြိမ်းချမ်းရေးဘောင်ကျဉ်းပြီး ပြည်သူတွေ အိုးအိမ်ဘ၀ သေကြေပျက်စီးနေတာထက် စားပွဲဝိုင်းဆွေးနွေးမှုကနေ ရွေးကောက်ပွဲဖြစ်မြောက်ရေးဆီသွားတာက ပြည်သူနဲ့နိုင်ငံ့အတွက် အဖြစ်သင့်ဆုံး အခြေအနေမှန်လို့ ဆိုရမှာပါ။

အမေရိကန်က ကမ္ဘာသိထုတ်ပြန်လိုက်တဲ့ PDF အကြမ်းဖက်မှု

မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေရဲ့ထက်ဝက်ကို NUG ဩဇာခံ PDF တို့က ကျူးလွန်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ Bethesda မြို့က ကမ္ဘာ့အကြမ်းဖက်မှုအလားအလာနဲ့ သုတေသနပြုစင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဗျူရိုအတွက် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများ၌အကြမ်းဖက်မှုများဖြစ်ပွားမှုအပေါ် သုတေသနပြုလုပ်တင်ပြခဲ့တဲ့ Country Reports on Terrorism 2022 အစီရင်ခံစာနဲ့ ကမ္ဘာသိ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သုတေသနပြုချက်အရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက အကြမ်းဖက်မှုအဖြစ်အများဆုံးနဲ့ အကြမ်းဖက်မှုကြောင့်သေဆုံးရသူအများဆုံး ဆယ်နိုင်ငံမှာ ပါဝင်နေတယ်လို့လည်း ဖော်ပြလိုက်ပါတယ်။

သုတေသနအရ ၂၀၂၂ ခုနှစ်အတွင်း ကွန်ဂိုနိုင်ငံက အကြမ်းဖက်ဖြစ်ပွားမှု ၉၈၄ မှုနဲ့ ကမ္ဘာပေါ် ပထမ၊ ဆီးရီးယားက အကြမ်းဖက်ဖြစ်ပွားမှု ၉၁၅ ကြိမ်နဲ့ ဒုတိယ၊ နိုင်ဂျီးရီးယားက အကြမ်းဖက်ဖြစ်ပွားမှု ၆၃၂ ကြိမ်နဲ့ တတိယရပြီး မြန်မာကတော့ အကြမ်းဖက်ဖြစ်ပွားမှု ၃၉၁ မှုနဲ့ ကမ္ဘာပေါ်က အကြမ်းဖက်မှုအဖြစ်အများဆုံးဆယ်နိုင်ငံမှာ အဆင့် ၈ နေရာရခဲ့သလို အကြမ်းဖက်မှုကြောင့် ပြည်သူသေဆုံးရသူအများဆုံး ဆယ်နိုင်ငံမှာလည်း ကွန်ဂိုက အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၃,၄၅၈ ဦးနဲ့ ပထမ၊ သူ့နောက်မှာ နိုင်ဂျီးရီးယားက အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၂,၉၂၆ ဦးနဲ့ ဒုတိယနဲ့ မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၂,၁၃၀ ဦးနဲ့ တတိယနေရာရှိနေခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

သုတေသနအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြစ်ပွားမှုအကြိမ်ပေါင်း ၃၉၁ မှုကြောင့် သေဆုံးရသူ ၂,၁၃၀ ဦး ရှိတယ်ဆိုရာမှာ ဒီအကြမ်းဖက်မှုတွေကို အဓိကကျူးလွန်တာက NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People’s Defense Force) ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှု ၁၉၈ မှု(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၅၀ ရာခိုင်နှုန်း)ကို ကျူးလွန်ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ သူ့နောက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) က ၂၉ ကြိမ်(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၇ ရာခိုင်နှုန်း)၊ ကရင်နီလူမျိုးစုဖြစ်တဲ့ ကယားလက်နက်ကိုင်တွေက ၂၇ ကြိမ်(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၇ ရာခိုင်နှုန်း) ကို ၂၀၂၂ ခုနှစ်အတွင်းကျူးလွန်ခဲ့ကြပြီး ဖြစ်ပွားသမျှအကြမ်းဖက်မှုတွေရဲ့ ၁၄ ရာခိုင်နှုန်းကတော့ ကျူးလွန်သူ စုံစမ်းမရဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။

PDF လို့ စတင်ချိန်မှာ ပြည်သူနဲ့ နိုင်ငံအတွက် အလုပ်လုပ်တယ်ဆိုတဲ့ ကလေးတွေက သတ်ဖြတ်လုယက်မုဒိမ်းကျင့်တာ လုပ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြပေမဲ့လည်း သုံးနှစ်အတွင်းမှာ PDF တွေရဲ့ သတ်ဖြတ်၊ လုယက်၊ မုဒိမ်းကျင့်၊ ဆက်ကြေးတောင်းမှုတွေကို သူတို့အချင်းချင်းဖော်ထုတ်လို့ပဲ နားမဆံ့အောင် ကြားနေခဲ့ရပြီဖြစ်ပါတယ်။ NUG နဲ့ PDF တွေကို အဓိကထောက်ပံ့နေတဲ့ အမေရိကန်ကိုယ်တိုင်က မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေရဲ့ထက်ဝက်ကို NUG ဩဇာခံ PDF တို့က ကျူးလွန်နေတယ်လို့ တရားဝင်ထုတ်ပြန်လာရတဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် လက်နက်ကိုင်လိုက်ပြီဆိုတာနဲ့ ဆိုးသွမ်းမိုက်ရိုင်းထိန်းကွပ်မှုမဲ့သွားတတ်တာကို အမေရိကန်ကိုယ်တိုင်က မီးမောင်းထိုးပြနေပြီလို့ ပြောရမှာဖြစ်သလို NUG အဖွဲ့ဝင်တွေရဲ့ ငွေကြေးနဲ့ လိင်ပိုင်းဆိုင်ရာအပုပ်အစပ်တွေကြောင့်လည်း NUG ကို ဘယ်နိုင်ငံကမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုတာကလည်း ဒီလိုအကြမ်းဖက်သတ်ဖြတ်မှုတွေကို ထိန်းကွပ်မှုမရှိ၊ အရေးမယူနိုင်လို့ဆိုတာ သဘောပေါက်ချိန်တန်ပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *