October 23, 2024

MT News

Written by Naing Thuta

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်တွင် စလစ်၊ ဂရန်မပြနိုင်သည့် နေအိမ်များ ဆက်လက်ဖြိုဖျက်ခံနေရပြီး အိမ်ခြေရာချီပါဝင်ဖြိုဖျက်ခံနေရကာ ပြည်သူထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ဒေသအခေါ်  ဇီးအုပ်ရပ်ကွက်၊ အပိုင်း(၂)မှ အပိုင်း(၉) အထိ (၄၉) လမ်းနှင့် (၁၂၆) လမ်း အရှေ့ဘက်ခြမ်းမှ စလစ်၊ ဂရမ်များ မပြနိုင်သည့်နေအိမ်များအားလုံးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာ ၁၆ ရက်မှ ယမန်နေ့အထိ ဆက်လက်ဖြိုဖျက်နေကြောင်း မြို့ခံများထံမှသိရသည်။

“ဇီးအုပ်က အိမ်တွေ ဂရန်၊ စလစ်မပြနိုင်လို့ဆိုပြီး ဖျက်နေတာ တစ်ပတ်ကျော်သွားပြီ။ ဒီနေ့အထိ ဘူဒိုဇာတွေနဲ့လာဖျက်နေကြတုန်းပဲ။ တချို့အဖျက်မခံရသေးတဲ့ အိမ်တွေဆို ကိုယ့်ဟာကိုယ်ကြိုဖျက်ပြီး သိမ်းနေကြတယ်။ အခြားနေစရာရှိတဲ့သူတွေက အနည်းငယ်ခံသာကြပေမဲ့ နေစရာဘယ်မှာမှ မရှိတဲ့သူတွေက အကုန်အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခပင်လယ်ကိုဝေနေကြတယ်ဗျာ။ ဒီကာလမှာဆိုတော့ ပိုကျပ်တည်းနေကြတော့ အရမ်းဒုက္ခရောက်ရတယ်။ အိမ်ငှားဖို့လည်း လိုက်ငှားကြည့်တာ မလွယ်ပါဘူး။ အချို့က စပေါ်ပါမှငှားမယ်ပြောတော့ အခုလိုအချိန်မှာ ဘယ်စပေါ်မှလည်း မတင်နိုင်ဘူးလေဗျာ” ဟု အိမ်ဖြိုဖျက်ခံရသော ပြည်သူတစ်ဦးက MT News ၏မေးမြန်းမှုကို ဖြေဆိုသည်။

အလားတူပင် နိုဝင်ဘာ၂၁ ရက် ညပိုင်းကလည်း ချမ်းမြသာစည်မြို့သစ် သိုးခြံရထားသံလမ်းဘေးတစ်လျှောက်တွင် နေထိုင်နေသော အိမ်ခြေရာချီကို ညတွင်းချင်း ဖျက်ခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးမြို့ပေါ်ရှိ ရထားလမ်း၊ ကားလမ်းများ၊ တာဝါတိုင်များနှင့်မလွတ်သည့် အိမ်များ၊ ကျူးကျော်အိမ်များ၊ ဂရန်၊ စလစ်တိကျစွာမပြနိုင်သော အိမ်များအား ဆက်လက်ဖြိုဖျက်နေပြီး အချို့နေရာများတွင် ညတွင်းချင်းဖျက်ခိုင်းခြင်း၊ ပြီးခဲ့သည့်တနင်္ဂနွေနေ့နောက်ဆုံးထား၍ ဖျက်ပေးရခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ဖြိုဖျက်ခံရမှုများကြောင့် ပြည်သူထောင်ချီ အိုးမဲ့အိမ်မဲ့များဖြစ်နေရပြီး နေစဉ်နှင့်အမျှ ခိုးဆိုးလုယက်သတ်ဖြတ်မှုများလည်း ကြုံတွေ့နေရသောကြောင့် မြို့နေပြည်သူများ ဒုက္ခကိုယ်စီရောက်နေကြရကြောင်း MT News မှ စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *