October 19, 2024

သုတေသနပြုချက်အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက အကြမ်းဖက်မှုအဖြစ်အများဆုံးနှင့် အကြမ်းဖက်မှုကြောင့်သေဆုံးရသူအများဆုံး ဆယ်နိုင်ငံတွင်ပါဝင်နေ

၄. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ၏ထက်ဝက်ကို NUG ဩဇာခံ PDF တို့က ကျူးလွန်နေသည်ဟု အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အလုပ်လုပ်ပေးနေသည့် အကြမ်းဖက်သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီး သုတေသနပြုချက်အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက အကြမ်းဖက်မှုအဖြစ်အများဆုံးနှင့် အကြမ်းဖက်မှုကြောင့် သေဆုံးရသူအများဆုံး ဆယ်နိုင်ငံတွင် ပါဝင်နေသည်ဟုလည်း Country Reports on Terrorism 2022 တွင် ဖော်ပြလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ Bethesda မြို့မှ ကမ္ဘာ့အကြမ်းဖက်မှုအလားအလာနှင့် သုတေသနပြုစင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗျူရိုအတွက် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများ၌ အကြမ်းဖက်မှုများဖြစ်ပွားမှုအပေါ် သုတေသနပြုလုပ်တင်ပြခဲ့ရာတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံက အကြမ်းဖက်မှုအဖြစ်အများဆုံးနိုင်ငံဆယ်နိုင်ငံ၌လည်းကောင်း၊ အကြမ်းဖက်မှုကြောင့် သေကြေပျက်စီးရမှုနိုင်ငံဆယ်နိုင်ငံ၌လည်းကောင်း ပါဝင်လျက်ရှိကြောင်း တွေ့ ရှိရသည်ဟု ဖော်ပြခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသုတေသနပြုချက်က ကမ္ဘာ့နိုင်ငံအများအပြား၌ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲအခြေအနေများကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာတွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ကင်ရှာဆာ) ၊ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီရတ်၊ ယီမင်၊ မြန်မာ၊ ဘာကီနာဖာဆိုနှင့် ဆိုမာလီယာတို့က အကြမ်းဖက်မှုအဖြစ်အများဆုံးနိုင်ငံ ဆယ်နိုင်ငံဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံနှင့် ပိုင်နက်နယ်မြေများ ၇၃ ခုတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် အဆိုပါဆယ်နိုင်ငံတွင် ၈၄ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်းလည်း သုတေသနပြုချက်က ဖော်ပြခဲ့သည်။

ထို့အတူ ၂၀၂၂ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက အကြမ်းဖက်ဖြစ်ပွားမှု ၉၈၄ မှုဖြင့် ကမ္ဘာပေါ် တွင် အကြမ်းဖက်မှုအဖြစ်အများဆုံးနိုင်ငံလည်းဖြစ်ခဲ့သည်။ ၎င်း၏နောက်တွင် ဆီးရီးယားက အကြမ်းဖက်ဖြစ်ပွားမှု ၉၁၅ ကြိမ်၊ နိုင်ဂျီးရီးယားက အကြမ်းဖက်ဖြစ်ပွားမှု ၆၃၂ ကြိမ်တို့ဖြင့် ဒုတိယနှင့် တတိယ အကြမ်းဖက်မှုအဖြစ်အများဆုံးနိုင်ငံများအဖြစ်ရှိနေကြပြီး မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်ဖြစ်ပွားမှု ၃၉၁ မှုဖြင့် ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုအဖြစ်အများဆုံးဆယ်နိုင်ငံ၌ အဆင့် ၈ နေရာတွင် ရှိနေခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုများကြောင့် သေဆုံးရသူအများဆုံး ဆယ်နိုင်ငံတွင်လည်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၃,၄၅၈ ဦးဖြင့် ကမ္ဘာပေါ်တွင် အများဆုံး နိုင်ငံဖြစ်သည်။ ၎င်း၏နောက်တွင် နိုက်ဂျီးရီးယားက အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၂,၉၂၆ ဦး ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးရသူ ၂,၁၃၀ ဦးဖြင့် တတိယနေရာတွင် ရှိနေခဲ့ကြောင်း သုတေသနပြုချက်တွင် ဖော်ပြသွားခဲ့သည်။

သုတေသနပြုချက်က ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်ဖြစ်ပွားမှုအကြိမ်ပေါင်း ၃၉၁ မှု၌ သေဆုံးရသူ ၂,၁၃၀ ဦး ရှိသည်ဆိုရာ၌ ထိုအကြမ်းဖက်မှုများကို အဓိကကျူးလွန်သည်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People’s Defense Force) အမည်ခံ PDF အကြမ်းဖက်လက်နက်ကိုင်များ ဖြစ်ကြောင်း၊ ၎င်းတို့က ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှု ၁၉၈ မှု(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၅၀ ရာခိုင်နှုန်း)ကို ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ထို့နောက်တွင်မူ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) တို့က ၂၉ ကြိမ်(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၇ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ ကရင်နီလူမျိုးစုတပ်များက ၂၇ ကြိမ်(ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၇ ရာခိုင်နှုန်း) ကိုလည်းကောင်း ၂၀၂၂ ခုနှစ်အတွင်းကျူးလွန်ခဲ့ကြပြီး ဖြစ်ပွားသမျှအကြမ်းဖက်မှုများ၏ ၁၄ ရာခိုင်နှုန်းကိုမူ ကျူးလွန်သူအား စုံစမ်း၍မရကြောင်း သုတေသနကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်အကြမ်းဖက်မှုများ၌ သေနတ်နှင့်ပစ်ခတ်မှု ၃၈ ရာခိုင်နှုန်း၊ မိုင်းခွဲမှုများ ၂၁ ရာခိုင်နှုန်းနှင့် ဗုံးခွဲမှုများ ၁၉ ရာခိုင်နှုန်းတို့ဖြစ်သည်ကို တွေ့ရပေသည်။ မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုများ၏ ၅၈ ရာခိုင်နှုန်းက တပ်မတော်ကို အဓိကပစ်မှတ်ထားကြပြီး အကြမ်းဖက်မှုအဖြစ်အများဆုံးနေရာများမှာ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၀၇ ကြိမ်(၂၇ ရာခိုင်နှုန်း)၊ ရန်ကုန်တိုင်းဒေသကြီး၌ ၄၂ ကြိမ်(၁၁ ရာခိုင်နှုန်း)နှင့် ကချင်ပြည်နယ်တွင် ၃၆ ကြိမ်(၉ ရာခိုင်နှုန်း) တို့ဖြစ်ကြကြောင်း သုတေသနပြုချက်အရသိရသည်။

Ref- Country Reports on Terrorism 2022

Leave a Reply

Your email address will not be published. Required fields are marked *