October 19, 2024

၄. ၁၂. ၂၀၂၃
Written by Min Mahar

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကား၊ ဆိုင်ကယ်များကို စစ်ဆေးနေစဉ်အတွင်း လူငယ် ၂ ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မည့်ပုံစံလုပ်ကာ မောင်းပြေးသည့်အတွက် သေနတ်​ဖြင့်ပစ်ခတ်ဖမ်းဆီး၍ နှစ်ဦးစလုံးဒဏ်ရာရရှိမှု မန္တလေးတွင် ဒီဇင်ဘာ ၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက်(စနေနေ့) ည ၁၁ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်း​အေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၄ လမ်းပေါ်ရှိ အဆောင်တွင် နေထိုင်ကြသော အသက် ၂၅ နှစ်အရွယ်အမျိုးသားနှင့် အသက် ၁၇ နှစ်အရွယ်အမျိုးသား(အနောက်မှလိုက်လာသူ)တို့ ၂ ဦးသည် Wave 110 (အနက်ရောင်)ဆိုင်ကယ်တစ်စီးဖြင့် အောင်မြေသာစံမြို့နယ်၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ ၂၂ လမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဈေးဝယ်၍ ၎င်းတို့နှစ်ဦးစလုံးနေထိုင်သည့် အဆောင်သို့ ပြန်လာကြရာ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၂၆ လမ်းပေါ်အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ကာမကင်းသဖြင့် စစ်ဆေးမှုများပြုလုပ်ရန်ရပ်တန့်ခိုင်းသောအခါ၎င်းတို့ ၂ ဦးသည်ရပ်တန့်မပေးဘဲလုံခြုံရေးတပ်ဖွဲဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မည်ပုံစံပြုလုပ်ကာ မောင်းပြေးသွားသည့်အတွက် လုံခြုံရေးတပ်ဝင်များက သေနတ်ဖြင့် ခြောက်လန့်ပစ်ခတ်လိုက်ရာ ၎င်းတို့နှစ်ဦးစလုံးသည် သေနတ်ကျည်ထိမှန်သွားကာ ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-12-04_15-24-46-2-485x1024.jpg

“သေနတ်နဲ့ပစ်ခံရတဲ့ အဲ့လူငယ်နှစ်ယောက်က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်မယ့် ပုံစံတော့မဟုတ်ကြပါဘူး။ အရက်သောက်ပြီး ဆိုင်ကယ်မောင်းလာတော့ ရဲတွေတွေ့တော့ ကြောက်ကြောက်နဲ့ မောင်းပြေးတာလို့ ကြားတယ်။ အခုထိ ဆေးရုံမှာ ဆေးကုသနေကြတုန်း။ သတ်ဆိုင်ရာက စစ်ဆေးတော့လည်း ဘာမှ လုပ်ထားတာတော့မတွေ့ဘူးလို့ သူ့တို့ဆွေမျိုးတွေထံက ကြားတယ်။ အခုကမန္တလေးမှာ ရဲတွေက ညတိုင်းလမ်းတွေပေါ်မှာ  လုံခြုံရေးအရအသွားအလာတွေကို စစ်ဆေးနေကြတယ်။ ဘာမှမလုပ်ထားရင် မဖမ်းပါဘူး”ဟု ဒဏ်ရာရှိသူနှစ်ဦး၏ ဆွေမျိုးများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါပစ်ခတ်လိုက်မှုကြာင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားသည် ဝဲဘက်တံတောင်ကို ကျည်ဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့်ဆိုင်ကယ်အနောက်မှလိုက်ပါလာသော အသက် ၁၇ နှစ်အရွယ်အမျိုးသားလူငယ်မှာမူ ယာဘက်နောက်ကျောမှကျည်ဖောက်ဝင်သွားပြီး ဝဲဘက်နံဘေးသို့ ဖောက်ထွက်သွားသော ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်လက်မောင်းကိုပါ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)စသည့် ဒဏ်ရာများရရှိသွားသဖြင့်  ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-12-04_16-01-01-485x1024.jpg

ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အတွက် ဒဏ်ရာရှိသူ ၂ ဦးအား အမှတ်(၈)နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ထားပြီး မော်တော်ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သည့်အပြင် တာဝန်အရအစစ်ဆေးမခံဘဲ ဆိုင်ကယ်ဖြင့် တိုက်မည့်ပုံစံမျိုးပြုလုပ်ခဲ့သောကြောင့် ဆေးကုသမှုခံယူပြီးနောက် ဥပဒေအရဆောင်ရွက်ခံရမည်ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *