◾ AA လက်နက်ကိုင်များ အသေများနေပြီး စိတ်ဓာတ်ပျက်ပြားနေသဖြင့် ဓာတုဗေဒဗုံးဖြင့် တိုက်ခိုက်နေသည်ဟု သတင်းမှားလွှင့်နေရကြောင်းပါ ပြော
MT News
၄. ၁၂. ၂၀၂၃
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AA နဲ့ တပ်မတော် ထိတွေ့တိုက်ပွဲတွေမှာ တပ်မတော်က လေကြောင်းအသုံးပြုပြီး ဓာတုဓာတ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရားမဝင် Exile မီဒီယာတွေက ရေးသားနေပေမဲ့လည်း ဒီလိုမျိုး ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုပြီး တိုက်ခိုက်တာ မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ ငြင်းဆိုထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA က ထုတ်ပြန်ရာမှာ ပလက်ဝမြို့နယ်အတွင်း “တရွန်အိုင်ဗျူဟာ”နဲ့ “နှုးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးကို AA က နိုဝင်ဘာ ၁၄ ရက်မှာ ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်မှာ ရက်ပေါင်း ၂၀ ပြည့်ခဲ့သလို အဲဒီတစ်နေ့တည်းမှာပဲ တပ်မတော်က ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တို့နဲ့ လေကြောင်းပစ်ကူ အကြိမ်အရေအတွက် ၃၀ ကျော် ပစ်ခတ်ခဲ့တဲ့အပြင် ညနေ ၆ နာရီ ၃၈ မိနစ်မှာ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေကို အသုံးပြုပြီး ဂျက်တိုက်လေ ယာဉ်တစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲချက် ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာလည်း ဒီလိုမျိုးဓာတုဗေဒဗုံးသုံးတယ်လို့လည်း ထပ်ဆင့် စွပ်စွဲခဲ့သေးတာပါ။
AA ရဲ့ ဒီစွပ်စွဲချက်အပေါ် တပ်မတော်က တုံ့ပြန်ရာမှာ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်နေချိန် ထိရောက်တဲ့ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူရယူပြီး တပ်မတော်သားတွေ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှု ကြောင့် AA အကျအဆုံးများလာပြီး ရခိုင်လက်နက်ကိုင် AA တွေ စိတ်ဓာတ်ပျက်ပြား တိုက်လိုခိုက်လိုစိတ် မရှိကြတော့လို့ တပ်မတော်က ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတယ်လို့ မဟုတ်မမှန်လုပ်ကြံ တရားမဝင် မီဒီယာအားကိုးနဲ့ သတင်းမှားထုတ်လွှင့်ခြင်းသာဖြစ်ပြီး တပ်မတော်က လေကြောင်းပစ်ကူရယူရာမှာ ဓာတုဓာတ်ငွေ့ဗုံးကို ဘယ်လိုတိုက်ပွဲမှာမှ အသုံးပြုတာ မရှိဘူးဆိုတာနဲ့ နယ်မြေဒေသလုံခြုံရေးနဲ့ တရားဉပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးတွေကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။