၄. ၁၂. ၂၀၂၃
Written by Ye Kyaw
ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းအပြင် စက်သုံးဆီဈေးနှုန်းမြင့်တက်နေသဖြင့် ရွှေတူးဖော်ရေး စရိတ်များ မြင့်တက်နေခြင်းတို့ကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်ခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှင့် စက်သုံးဆီဈေး ကျဆင်းလာပါက ပြည်တွင်းရွှေဈေးလည်း ပြန်လည်ကျဆင်းလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA)မှ သိရသည်။
“ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာပဲရှိပါတယ်။ အရောင်းအဝယ်လည်း မဖြစ်ပါဘူး။ ကျန်တာကတော့ ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးကလည်း တက်တဲ့အခါ ကျွန်တော်တို့ တူးဖော်တဲ့နေရာမှာလည်း စရိတ်တွေက တက်တယ်။ ဈေးချမရဘူးဖြစ်နေတာ။ ဒီဇယ်ဈေးလည်း ကျလာမယ်၊ ကမ္ဘာ့ရွှေဈေးလည်း ကျလာမယ်ဆိုရင် သူ့ဟာနဲ့သူ ဈေးနှုန်း ပြန်လည်ကျလာမှာပါ” ဟု YGEA မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် သယ်ယူစရိတ်မြင့်တက်ခြင်းတို့ကြောင့် ရွှေတူးဖော်မှုနည်းနေပြီး ပြည်တွင်း ရွှေဈေးကွက်သို့ ရွှေဝင်ရောက်မှုမှာလည်း ယခင်ထက် အနည်းငယ်လျော့ကျမှုရှိကြောင်း သိရသည်။
“အခုက ရွှေတွင်းနေကနေ ဈေးကွက်ထဲ ရွှေအဝင်နည်းတယ်။ အဝင်နည်းတယ်ဆိုတာက စရိတ်များတော့ လာလို့မရဘူးဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ဒီဇင်ဘာ ၄ ရက် (ယနေ့)တွင် ကျပ် ၃,၇၂၀,၀၀၀ အထိ ပြန်လည်မြင့်တက်လာ၍ နှစ်ပတ်အတွင်း ကျပ် ၂၀၀,၀၀၀ ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်အထိ တစ်အောင်စလျှင် ဒေါ်လာ ၂၀၀၀ အောက်သာရှိခဲ့သော်လည်း ဒီဇင်ဘာ ၄ ရက် (ယနေ့)တွင် တစ်အောင်စလျှင် ၂၀၈၅ ဒေါ်လာအထိ မြင့်တက်ခဲ့၍ ၁၁ ရက်အတွင်း ဒေါ်လာ ၉၀ ခန့်မြင့်တက်ခဲ့သလို ဈေးကွက်ကျွမ်းကျင်သူများက တစ်အောင်စလျှင် ဒေါ်လာ ၂,၂၀၀ အထိ ရွှေဈေးဆက်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် ပထဝီနိုင်ငံရေး မသေချာမရေရာမှု၊ အမေရိကန်ဒေါ်လာဈေးနှုန်းနှင့် အတိုးနှုန်းများ လျော့နည်းလာခြင်းနှင့်အတူ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ရွှေဈေးနှုန်းက ဒေါ်လာ ၂,၀၀၀ အထက်တွင်တည်ရှိနေမည်ဖြစ်ကြောင်း စင်ကာပူရှိ United Overseas Bank ၏ ဈေးကွက်မဟာဗျူဟာအကြီးအကဲ ဟန်ကွန်ဟိုးက ခန့်မှန်းထားသည်။
နိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖော်ရေး လုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိကသုံးစွဲသော ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် နိုင်ငံတော်အနေဖြင့် ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေ တစ်အောင်စဈေးနှုန်းနှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းများမှာ ဒီဇင်ဘာ ၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၀၄၈ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ကျပ် ၃,၆၇၅,၀၀၀၊ ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၀၇၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ကျပ် ၃,၇၀၀,၀၀၀၊ ဒီဇင်ဘာ ၃ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၀၇၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ကျပ် ၃,၇၀၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။