၂၃. ၁၁. ၂၀၂၂
Written by Pan Ei
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းရှိ စီအန်ဂျာ (Cianjur)မြို့ အနီးတွင် နိုဝင်ဘာ ၂၁ ရက်နေ့က ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ကာ သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး သေဆုံးသူ ၂၆၈ ဦးအထိရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီး လူ ၁၅၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
စီအန်ဂျာမြို့၏ အဆိုးရွားဆုံး ထိခိုက်ခဲ့သော ခရိုင်တစ်ခုဖြစ်သည့် Cugenangကို ယနေ့တွင် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပြီး အနည်းဆုံး ရွာတစ်ရွာသည် မြေပြိုမှုကြောင့် ပျက်စီးသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။
“ငလျင်လှုပ်ရင် အိမ်တွေပဲ ပြိုကျမယ်။ ဒါပေမယ့် မြေပြိုတာက ပိုဆိုးတယ်။ ဒီရပ်ကွက်မှာ အိမ် ၈ လုံး မြုပ်ပြီး မျောပါသွားတယ်” ဟု ပျောက်ဆုံးနေသည့် ဆွေမျိုးခြောက်ဦးကို ရှာဖွေနေသည့် Zainuddin က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာ၏ ၇၅ ကီလိုမီတာခန့်အကွာ စီအန်ဂျာ(Cianjur) မြို့အနီးကို ဗဟိုပြု၍ လှုတ်ခတ်ခဲ့သော အဆိုပါ ငလျင်ကြောင့် အိမ်ခြေ ၂၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၁၃၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အဆိုပါ ငလျင်၏ အရင်းအမြစ်သည် မြေမျက်နှာပြင်အောက် ၆ မိုင်အကွာတွင် ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှုအများဆုံးနိုင်ငံဖြစ်ပြီး ကမ်းလွန်ပင်လယ်ပြင်တွင်လည်း ပိုမိုပြင်းထန်သောငလျင်များ လှုပ်ခတ်လေ့ရှိသည်။ သို့သော် တနင်္လာနေ့တွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်သည် လူဦးရေထူထပ်သော ဧရိယာတွင် လှုပ်ခတ်ခဲ့ခြင်းကြောင့် လူသေဆုံးမှု များစေခဲ့ခြင်းဖြစ်သည်။
Ref; Reuters