၂. ၁၂. ၂၀၂၃
Written by Nyein Kyaw
မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများကို မုတ္တမကမ်းလွန်၊ ရဲတံခွန်ရေနံမြေ၏ မြောက်ဘက် ပင်လယ်ပြင်၌ ဆောင်ရွက်ခဲ့ပြီး ယနေ့ လေ့ကျင့်ရေးလုပ်ငန်းများ အောင်မြင်စွာပြီးစီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးနဲ့ မြန်မာ -တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း လုပ်ဆောင်ရန်အတွက် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံက စစ်ရေယာဉ်များနဲ့ မြန်မာနိုင်ငံက စစ်ရေယာဉ်များဟာ မနေ့က ညနေကတည်းက ကျွန်တော်တို့ ပူးပေါင်း ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီမနက်မှာတော့ ကျွန်တော်တို့ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခဲ့တဲ့ နေရာကတော့ ရဲတံခွန်ရေနံမြေရဲ့ မြောက်ဘက်ပင်လယ်ပြင်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အားလုံး ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ) စစ်သင်္ဘောများနှင့် မြန်မာ့တပ်မတော်(ရေ) စစ်သင်္ဘောများ ရေကြောင်းလုံခြုံရေးလေ့ကျင့်ရန်အတွက် ဒီဇင်ဘာ ၁ ရက် (ယမန်နေ့) ညနေပိုင်းတွင် လေ့ကျင့်ရေးပင်လယ်ပြင် ဧရိယာသို့ စတင်ထွက်ခွာခဲ့ပြီး လေ့ကျင့်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။