October 30, 2024

MT News

Writter By A Thaung

ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည့် အာဂျင်တီးနားအသင်းမှာ အာရှအသင်းငယ်လေးဖြစ်သည့် ဆော်ဒီအာရေဗျအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် မရှုမလှရှုံးနိမ့်ခဲ့ပြီး ၃၆ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်ကျိုးပျက်သွားခဲ့သည်။

ကမ္ဘာ့အဆင့် ၃ အာဂျင်တိုင်းသည် ကမ္ဘာ့အဆင့် ၅၁ သာရှိသည့် ဆော်ဒီအာရေဗျကို ပထမပိုင်းတွင် ဖိကစားခဲ့ပြီး တစ်ဂိုးသွင်းခဲ့သော်လည်း ဒုတိယပိုင်းတွင် ခြေပဂိုးနှင့် ဦးဆောင်ဂိုးပေးခဲ့ရသည်။

ပထမပိုင်း ပွဲစပြီး ၁၀ မိနစ်အချိန်တွင် ကမ္ဘာ့ဖလားရရန် စိတ်အားပြင်းပြနေသည့် လီယွန်နယ်မက်ဆီက အာဂျင်တီးနားအတွက် ပင်နယ်တီမှ ပထမဆုံးဂိုး လှလှပပ သွင်းယူခဲ့သည်။

ပထမပိုင်းတွင် အာဂျင်တီးနား ဂိုးရဖို့အခွင့်အရေးများ ရှိခဲ့သလို မာတီနက်ဇ်သွင်းခဲ့သည့်ဂိုးမှာလည်း လူကျွံဘောဖြစ်ခဲ့ရသဖြင့် ကံခေခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်း ပွဲစပြီး ၄ မိနစ်အကြာတွင် ဆော်ဒီအတွက်ချေပဂိုးကို အယ်လ်ရှာရီ က သွင်းယူပေးခဲ့သလို နောက် ၄ မိနစ်အတွင်းပင် အယ်လ်ဒေါ်ရှရီက အနိုင်ဂိုးသွင်းယူခဲ့သည်။

အာဂျင်တီးနားအသင်းသည် ပွဲချိန်တစ်လျှောက်လုံး ကစားကွက်အသာဖြင့်ကစားခဲ့သော်လည်း တစ်ဖက်အသင်း အဖျက်အားကောင်းခဲ့မှုကြောင့် အနိုင်ရလဒ်နှင့် ဝေးခဲ့ရသလို ၃၆ ပွဲကြာ စံချိန်လည်း ပျက်စီးခဲ့သည်။

ဆော်ဒီအာရေဗျသည် ယခုပွဲတွင် အဝါကတ် ၆ ကတ် အပြခံရသည်အထိ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့သည်။

အာဂျင်တီးနားနှင့် ဆော်ဒီတို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ခြေစမ်းပွဲကစားခဲ့ပြီး ထိုစဥ်က နှစ်ဖက်ဂိုးမရှိ သရေကျခဲ့ဖူးသည်။

Leave a Reply

Your email address will not be published. Required fields are marked *