October 19, 2024

◾ အကြမ်းဖက်သူများ သေဆုံး ဒဏ်ရာရရှိမှု၊ ဆုတ်ခွာနေရမှုများ ဖော်ပြခြင်းမရှိဘဲ မုန်းမြို့ကို သိမ်းပိုက်နိုင်ပြီဟု သတင်းအမှားများ ထုတ်လွှင့်နေဟု ဆို

၃. ၁၂. ၂၀၂၃

Written by Zaw Moe

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် ယနေ့ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ခြေလျင်တပ်၊ လေယာဉ်နှင့် အမြောက်တပ်များ ပူးတွဲစစ်ဆင်ခဲ့မှုကြောင့် ဝင်ရောက်တိုက်ခဲ့သည့် သောင်းကျန်းသူများ အကျအဆုံးများစွာဖြင့် ညနေပိုင်းတွင် စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ မနက်ကတည်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပါတယ်။ အဲ့မှာရှိခဲ့တဲ့ တပ်ရင်း ၂ ရင်း၊ ပြီးရင် မုန်းဘက်ကို ဖြူးဘက်ကနေ မုန်းဘက်ကိုဝင်တဲ့ သံတံတားဂိတ်၊ ပြီးရင်တော့ ရဲစခန်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ရဲစခန်းမှာ လူအင်အားနည်းတဲ့ အတွက်ကြောင့်မို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနဲ့ လုံခြုံတဲ့နေရာကို ပြောင်း‌ရွှေ့ခဲ့ရတာရှိပါတယ်။ ဒီသံတံတားဂိတ်နဲ့ ကျောက်ကြီးဘက်မှာရှိတဲ့ တပ်ရင်းနေရာတွေကို တပ်မတော်အနေနဲ့ အပြည့်အဝ ကာကွယ်မှုပေးခဲ့ပါတယ်။ ဒါ့ပြင် ကျွန်တော်တို့ အရှေ့ဘက်မှာရှိတဲ့ ခြေမြန်တပ်ရင်းတစ်ရင်းမှာ ထိတွေ့တိုက်ပွဲ ယခုထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ခြေလျင်၊ လေယာဉ်၊ အမြောက် ပေါင်းစပ်ပြီးတော့ ရွပ်ရွပ်ချွံချွံ ခုခံချေမှုန်းခဲ့ပါတယ်။ ရန်သူအနေနဲ့ ဒီနေ့ ညနေပိုင်းအထိ အကျအဆုံးများစွာရှိပြီး စတင်ဆုတ်ခွာနေတာကို တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ပရောက်မီဒီယာများအနေဖြင့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပဲခူးတိုင်းအတွင်း ပထမဆုံးသိမ်းနိုင်သော မြို့ဖြစ်ကြောင်း မဟုတ်မမှန် သတင်းများ ထုတ်လွှင့်လျက်ရှိပြီး ၎င်းတို့ အကျအဆုံးများမှု၊ ဆုတ်ခွာရန်ပြင်ဆင်နေရမှုများကိုမူ ထည့်သွင်းဖော်ပြခြင်းမရှိကြောင်းလည်း ပြောသည်။

“ဒီချိန်မှာပဲ ပြည်ဖျက်မီဒီယာများရယ်၊ KNU နဲ့ ပေါင်းနေတဲ့ PDF အကြမ်းဖက်သမားများအနေနဲ့ မုန်းမြို့တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ဒါတပ်ရင်းတွေကုန်ပြီဆိုတဲ့ ကောလာဟလသတင်းတွေကို ဆက်တိုက် ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ပြောချင်တာကတော့ သူတို့ဘယ်လောက် ကျဆုံးခဲ့၊ ဘယ်လောက်သေဆုံးခဲ့တယ်၊ ဘယ်လောက်ဒဏ်ရာရခဲ့တယ်၊ ဘယ်လိုမျိုးဆုတ်ဖို့အတွက် စီစဉ်နေတယ်ဆိုတာကို သူတို့သာ အသိဆုံးဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *