October 19, 2024

၃. ၁၂. ၂၀၂၃

Written by Zaw Moe

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ခရိုင်သာသနာရေး၊ ခရိုင်ရွေးကောက်ပွဲရုံးတို့ရှိ ဌာနပိုင်မော်တော်ယာဉ် ၉ စီးကို AA က လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မယူဆောင်သွားပြီး ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ရခိုင်ပြည်နယ်ဘက်က သတင်းတွေအရ AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ မြောက်ဦးခရိုင်ရှေးဟောင်းသုတေ သနဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်စီမံခန့်ခွဲရေးဌာနပိုင် ယာဉ် ၃ စီးအပါအဝင် ခရိုင်ဖွံ့ဖြိုးရေးအတွက်ယာဉ်တွေ၊ ကျေးလက်ဖွံ့ဖြိုးရေးပိုင်ယာဉ်တွေ၊ သာသနာရေးဝန်ကြီးဌာနပိုင် ယာဉ်တွေ၊ စုစုပေါင်းယာဉ် ၉ စီးကို လက်နက်ငယ်နဲ့ ခြိမ်းခြောက်ရယူသွားပြီး ၎င်းတို့အဖွဲ့အကျိုးအတွက် အသုံးပြုနေတယ်ဆိုတာကို သိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA လက်နက်ကိုင်များက နိုဝင်ဘာ ၂၆ ရက်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၂ စီး၊ နိုဝင်ဘာ ၂၈ ရက်က မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်စီမံခန့်ခွဲရေးရုံးရှိ ဌာနပိုင် မော်တော်ယာဉ် ၃ စီး၊ နိုဝင်ဘာ ၂၉ ရက်တွင် မြောက်ဦး-စစ်တွေ ကားလမ်းမကြီးဘေးရှိ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ယာဉ် ၂ စီး၊ နိုဝင်ဘာ ၃၀ ရက်တွင် မြောက်ဦးမြို့ ခရိုင်သာသနာရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် ၁ စီးနှင့် မြောက်ဦးမြို့ ခရိုင်ရွေးကောက်ပွဲရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၁ စီး စုစုပေါင်း ၉ စီးအား လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ အတင်းအဓမ္မ ခြိမ်းခြောက် လာရောက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထို့အတူ နိုဝင်ဘာ ၂၁ ရက်ကလည်း ကျောက်တော်မြို့ရှိ ပြည်တွင်းရေကြောင်းပိုင် ရေနယားနှင့် ရေဘဝဲ (၄) ရေယာဥ်နှစ်စီးနှင့် ဝန်ထမ်းများကို AA က ဖမ်းဆီးကာ ကိုယ်ကျိုးအသုံးချနေမှုများလည်း ဖြစ်ပွားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *