October 30, 2024

လုပ်ကြံသတ်ဖြတ်ခံရသည့် ဦးသိန်းမင်းထွန်းကို တွေ့ရစဥ်

MT News

Written by Min Mahar

အမရပူရမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်နေ့ ညနေစောင်းအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ  နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဉယျာဉ်တော်ကျေးရွာအုပ်စု၊အမှတ်(၇) ရပ်ကွက်တွင် အသက် ၅၀ ဝန်းကျင်ခန့်ရှိသော အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသိန်းမင်းထွန်းသည် ဘေးတွဲဆိုင်ကယ်ဖြင့် တောင်မှမြောက်သို့ မောင်းနှင်လာစဉ် အမည်မသိအမျိုးသား ၂ ဦး 125 CZI အမျိုးအစားဆိုင်ကယ်တစ်စီးဖြင့် အနောက်မှလိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံမျက်မြင်များထံမှ သိရသည်။

“အရန်မီးသတ်တပ်စုမှူးကို ညနေက အမည်မသိသေနတ်သမား ၂ ယောက်က သတ်ပစ်လိုက်တာ။ ဆိုက်တွဲနဲ့ အိမ်ကိုပြန်လာချိန်မှာ အနောက်ကနေ တေ့ပစ်သွားကြတာဗျာ။ အခုခေတ်က ရှေ့သွားရင် နောက်မလုံတော့တဲ့ ကျောချမ်းနေရတဲ့ခေတ်ကာလကို ရောက်နေရပြီဗျာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းမင်းထွန်းတွင် ညာဘက်လက်‌မောင်းဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ချက်‌ ဘေးဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်နံ‌ဘေး‌ဖောက်ဝင်ဒဏ် ရာ (၁) ချက်၊ ဘယ်ဘက်နို့အုံ‌ အောက်ဖောက်ဝင်ဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ(၁)ချက် အသီးသီးရရှိခဲ့ပြီး နေရာတွင်သေဆုံးသွားခဲ့သောကြောင့် လောကပါလ လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့များကလည်း သေနတ်သမားများကို လိုက်လံရှာဖွေစုံစမ်းလျှက်ရှိပြီး ၎င်းကို မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို ယခုထိမသိရှိရသေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *