October 19, 2024

၃. ၁၂. ၂၀၂၃
Written by Min Mahar

မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာတွင် ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင် အမျိုးသားတစ်ဦးသည် ဝါခင်းမှ ဝါကောက်ပြီးပြန်အလာ PDF ၂ ဦးက နောက်မှချောင်း၍ သေနတ်ဖြင့်ပစ်သတ်သည့်အပြင် ဆိုင်ကယ်ပါယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာတွင်နေထိုင်သော အသက် ၅၉ နှစ်အရွယ် ဦးကျော်အောင်(ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင်) သည် နိုဝင်ဘာ ၃၀ ရက် မနက် ၈ နာရီကျော်က ၎င်း၏ နေအိမ်မှ ANBO-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ရွာရှည်ကျေးရွာအရှေ့ဘက်ရှိ ၎င်းပိုင်ဆိုင်သော ဝါစိုက်ခင်းသို့ ဝါကောက်ရန်သွားရောက်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဝါစိုက်ခင်းမှကျေးရွာသို့ပြန်လာစဉ် ရွာရှည်ကျေးရွာနှင့်ကျောက်ကုန်းကျေးရွာ​ကြား၊ ကျေးရွာချင်းဆက်မြေသားလမ်းမပေါ်သို့ရောက်ရှိစဉ် PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှချောင်း၍လိုက်ပါလာပြီး ဦးကျော်အောင်အား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားသည့်အပြင် ဆိုင်ကယ်ကိုပါယူဆောင်ပြီး ကျောက်ကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ ၂ ရက် ၃ ရက်တော့ရှိပါပြီ။ စိတ်ထဲမကျေနပ်လို့သာ အခုလို သတင်းဌာနကိုလှမ်းဆက်သွယ်ပြီး ပြောပြရတာပါ။ အသတ်ခံရတဲ့သူက ကျေးရွာမီးလင်းရေးမှာရော၊ ရပ်ရေးရွာရေးရော အကုန်ဦးဆောင်လုပ်ကိုင်ပေးနေတဲ့သူပါ။ ဒါကို သူတို့က ဒလန်လို့ထင်ကြပြီး သေနတ်နဲ့ပစ်သတ်သွားတဲ့အပြင် ဆိုင်ကယ်ကိုပါယူသွားတော့ ဒီသတ်တဲ့ကောင်တွေက တော်လှန်ရေးလို့အော်နေပြီး လူသတ် ဓားပြတိုက်နေတယ်လို့ပဲ မြင်တယ်။ လူကိုဗျာ သူတို့စွပ်စွဲပြီးသတ်တယ်ပဲထားဦး။ ဆိုင်ကယ်တော့ယူသွားစရာလား။ တကယ့်မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေလို့ ပြောရတာပါ။ ရွာထဲမှာဆို ဘယ်သူ့ကြောက်လို့ကြောက်ရမှန်းမသိ နီးစပ်ရာဓားကိုကြောက်နေရတယ်။ ကျွန်တော်တို့ တောသူတောင်သားတွေက တောင်ယာလုပ်ပြီး ရိုးရိုးသားသားနဲ့ အေးအေးဆေးဆေးပဲနေချင်တာပါ။ ဘယ်နိုင်ငံရေးမှလည်းမပါသလို ဘယ်သူမှလည်း မထောက်ခံနေဘူး။ အခုကာလကြီးကိုလည်း အမြန်ပြီးဆုံးစေချင်ပါပြီ”ဟုအသတ်ခံရသူနှင့် တစ်ရွာတည်းနေသည့် အမည်မဖော်လိုသောရွာခံတစ်ဦးမှ MT News သတင်း ဌာနထံ ယခုလိုဆက်သွယ်ပြောကြားသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးကျော်အောင်တွင် ဦးခေါင်းနောက်စေ့ကိုဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားရွက်အောက်ကိုပါဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်နောက်ကျောကိုလည်းဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ပြီး အခင်း ဖြစ်နေရာအနီးမှ 9-MM LUGER ကျည်ခွံ ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *