October 19, 2024

◼️ ကိုရီးယားနှစ်နိုင်ငံအကြား အာကာသနည်းပညာပြိုင်ပွဲက ပို၍အရှိန်မြင့်လာ

၂. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသောစစ်ဖက်ထောက်လှမ်းရေးဂြိုဟ်တုကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Vandenburg အမေရိကန်အာကာသတပ်ဖွဲ့စခန်းမှ ဒီဇင်ဘာ ၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၉ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံးထောက်လှမ်းရေးဂြိုဟ်တုကို လွန်ခဲ့သည့်တစ်ပတ်ခန့်က လွှတ်တင်ခဲ့ပြီးနောက်တောင်ကိုရီးယားကလည်း ၎င်း၏ပထမဆုံးသော စစ်ဖက်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ခဲ့ခြင်းဖြစ်ရာ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံအကြား အာကာသနည်းပညာပြိုင်ပွဲက ပို၍ အရှိန်အဟုန်မြင့်လာသည်ဟု ဆိုရမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ထောက်လှမ်းရေးဂြိုဟ်တုကို အီလွန်မတ်စ်၏ SpaceX Falcon 9 ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ဒုံးပျံတွင် “KOREA” ဟူသောအမည်စာတန်းကိုရေးထိုးထားပြီး ယုန်ဟတ် သတင်းဌာနက ဂြိုဟ်တုမှာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ရောက်ရှိနိုင်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက ၂၀၂၅ ခုနှစ်အကုန်တွင် ထောက်လှမ်းရေးဂြိုဟ်တု လေးလုံးအထိလွှတ်တင်ကာ ၎င်း၏ ထောက်လှမ်းရေးဂြိုဟ်တုစွမ်းဆောင်ရည်ကို မြောက်ကိုရီးယားနိုင်ငံထက်ပို၍သာစေရေး ဆောင်ရွက်သွားရန် ရည်မှန်းလျက်ရှိသည်။

တောင်ကိုရီးယားနိုင်ငံ၏ ယခုလွှတ်တင်ခဲ့သော‌ဂြိုဟ်တုက ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၄၀၀ မှ ကီလိုမီတာ ၆၀၀ အကြား ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှနေ၍ ကမ္ဘာမြေကြီးအား လှည့်ပတ်နေမည်ဖြစ်ကာ ၃၀ စင်တီမီတာသာရှိမည့် အရာဝတ္တုကိုပင် ထောက်လှမ်းတွေ့ရှိနိုင်မည်ဟု ယုန်ဟတ်သ တင်းဌာနက ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကလည်း ဂြိုဟ်တု၏နည်းပညာကတစ်ကမ္ဘာလုံးတွင် ထိပ်ဆုံးဂြိုဟ်တုငါးခု၌ ပါဝင်သည်ဟု ပြောခဲ့သည်။

တောင်ကိုရီးယားအစိုးရအဖွဲ့က မြောက်ကိုရီးယားအနေဖြင့် ယူကရိန်းစစ်ပွဲတွင် ရုရှားအားလက်နက်များကူညီခဲ့၍ အပြန်အလှန်အားဖြင့် ရုရှားထံမှ ဂြိုလ်တုနည်းပညာအကူအညီရရှိခဲ့ခြင်းဟု ပြောကြားခဲ့သည်။

Ref—-CNA

Leave a Reply

Your email address will not be published. Required fields are marked *