October 19, 2024

၂. ၁၂. ၂၀၂၃
Written by Nay Moe

မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်ဘက်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံကျယ်ဂေါင်မြို့က ပြည်သူတွေကို တရုတ်အစိုးရက ရွှေလီမြို့ဆီ ရွှေ့ခိုင်းနေတယ်လို့ မူဆယ်နဲ့ ကျယ်ဂေါင်မှာ နေထိုင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

“ကျယ်ဂေါင်မှာ နေတဲ့လူတွေအကုန်လုံးကို ရွှေလီမြို့ဆီ ဒီနေ့နဲ့ မနက်ဖြန် အပြီးရွှေ့ခိုင်းနေတာ။ တာဝန်ရှိသူတွေကိုယ်တိုင် ကြေညာပြီး ရွှေ့ပြောင်းဖို့ပါ လိုက်ပြောနေတာ” လို့ ကျယ်ဂေါင်မြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-02_15-04-20-1024x642.jpg

ကျယ်ဂေါင်နဲ့ မူဆယ်ဟာ ခြံစည်းရိုးပဲခြားတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေ အပြန်အလှန် ကူးလူးဆက်ဆံရာနေရာဖြစ်ပြီး လက်ရှိမှာ မြန်မာဘက်ခြမ်းမှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က မူဆယ်မြို့သိမ်းနိုင်ဖို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အပါအဝင် မူဆယ်မြို့ပတ်လည်မှာ တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေတာကြောင့် ကျည်အလွယ်တကူထိနိုင်တဲ့ ကျယ်ဂေါင်မြို့က လူတွေကို ရွှေလီမြို့ဘက်ခြမ်းဆီ ရွှေ့ခိုင်းနေတာလို့ သိရပါတယ်။

“ပြီးခဲ့တဲ့ လပိုင်းထဲကလည်း မြန်မာဘက်ကတိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ သေကြေဒဏ်ရာ ရထားတာရှိတော့ အခု ကျယ်ဂေါင်က ပြည်သူတွေကို ရွှေလီဆီ နှစ်ရက်တည်းနဲ့ အပြီးရွှေ့ခိုင်းနေတာ။ နေ့လယ်ဘက်လိုကာလမျိုး၊ တိုက်ပွဲသံမကြားရချိန် ခဏတဖြုတ်ပဲ လာလို့ရမယ်လို့လည်း ပြောတယ်”လို့ ရွှေလီမြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

တရုတ်- မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်တပ်ဖွဲ့တွေက လုံခြုံရေးတင်းကျပ်နေသလို၊ နယ်စပ်ခြံစည်းရိုးမှာ တရုတ်စစ်သားတွေ စစ်ရေးလေ့ကျင့်မယ်လို့လည်း ကြားသိနေရပြီး မနက်ဖြန်ကစ မူဆယ်- ကျယ်ဂေါင်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ယာယီပိတ်ဖို့ စီစဉ်နေတယ်လို့ ကြားသိရတယ်လို့လည်း ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။(Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *