၂. ၁၂. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ၊ နခွမ်ပထုန်ပြည်နယ်၊ ဟွေ့ခွမ်ဒေသရှိ မယ်လမိုင်းလမ်းတွင် ဒီဇင်ဘာ ၁ ရက်နေ့က ၆ ဘီးကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အခြားလူ ၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါ ၆ ဘီးကားသည် လုပ်ငန်းခွင်မှပြန်လာသော မြန်မာနိုင်ငံသားအလုပ်သမားများကို တင်ဆောင်လာပြီး မောင်းနှင်လာချိန်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားသည့်သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ကန်ဖမ်ဆံရဲစခန်းမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာကို ချက်ချင်း သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဦး သေဆုံးနေခြင်းကိုတွေ့မြင်ခဲ့ကြောင်း ရဲမှူးကြီး Boon-ek က ပြောသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ကန်ဖမ်ဆံဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါကားသည် နခွမ်ပထုံပြည်နယ်ရှိအလုပ်ရုံမှ အလုပ်သမား ၁၀ ဦးကို တင် ဆောင်မောင်းနှင်လာခြင်းဖြစ်ပြီး ကားကိုအရှိန်ဖြင့် မောင်းနေချိန်အတွင်း ဆိုင်ကယ်တစ်စီးက ရှေ့မှဖြတ်မောင်း၍ ရှောင်တိမ်းရာတွင် ရုတ်တရက်ဘရိတ်အုပ်ခဲ့ရာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ကားမောင်းသမားက ပြောသည်။
ကားတိမ်းမှောက်မှုကြောင့် အသက် ၂၀ အရွယ်ရှိ မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးခဲ့ကြောင်း၊ အခြား မြန်မာ နိုင်ငံသားများသည် ဒဏ်ရာရခဲ့သော်လည်း စိုးရိမ်ရသောအခြေအနေမျိုးမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ ပစ်ကပ်ကားပေါ်တွင်လိုက်ပါသောသူများသည် Pipatphon ကုမ္ပဏီတွင် အလုပ်လုပ်နေသူများဖြစ် ကြောင်း၊ ကားတိမ်းမှောက်မှုဖြစ်ပွားရာနေရာနားတွင် ကားပိတ်မှုများရှိနေရာ အခြားကားများကိုလည်း ဝင်တိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် CCTV Footage မှတ်တမ်းများကိုကြည့်ရှုကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းရဲမှူးကြီး Boon-ek က ပြောသည်။
Ref; mgronline