၂. ၁၂. ၂၀၂၃
Written by Ye Kyaw
ပြီးခဲ့သည့် အောက်တိုဘာလမှ စတင် ကျဆင်းနေသည့် မြန်မာ့ကုန်ထုတ်လုပ်မှုသည့် နိုင်ငံ့မြောက်ပိုင်းရှိ ပြည်နယ်များတွင် အကြမ်းဖက်မှုများ အရှိန်မြင့်လာမှုကြောင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိုမိုဆိုးရွားလာခဲ့ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ ၂၀၂၃ ခုနှစ် ကုန်ဆုံးရန် တစ်လအလိုတွင် ဆိုးဝါးလာနေကြာင်းကို အချက်ပြလာခဲ့ပြီး နိုင်ငံ့မြောက်ပိုင်းရှိ ပြည်နယ်များတွင် အကြမ်းဖက်မှုများ အသစ်တဖန် အရှိန်မြင့်လာမှုက ဝယ်လိုအား အားပျော့နေခဲ့သည့်အခြေအနေကို ပိုခက်ခဲလာစေခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာ့ကုန်ထုတ်လုပ်မှုသည် အကျဘက်သို့ နက်ရှိုင်းစွာ ကျဆင်းလာခဲ့ပြီး အဓိကကျသည့် ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ကုန်ထုတ်လုပ်မှုစတင်ကျဆင်းခဲ့သည့် အောက်တိုဘာလ အညွှန်းကိန်း ၄၉ မှ နိုဝင်ဘာလတွင် အညွှန်းကိန်း ၄၈ ဒသမ ၁ သို့ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သည်။
“ဒီလရဲ့ ဒေတာက နိုင်ငံ့မြောက်ပိုင်း ဒေသတစ်ဝန်း လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာမှုမှာ ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်နေတာကို မီးမောင်းထိုးပြလိုက်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ထောက်ပြပြောဆိုခဲ့သည်။
လက်ရှိနိုင်ငံအတွင်း ပဋိပက္ခအခြေအနေများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုသည် လာမည့်လများတွင်လည်း ဆက်လက်ကျဆင်းနိုင်ပြီး အနာဂတ် မြန်မာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရှင်သန်ရန်ခက်ခဲသွားနိုင်ခြင်းနှင့် တိုးတက်မှုကျနေဆဲဖြစ်နေမည်ဟု သိရသည်။
“မကြာမီက အကြမ်းဖက်မှုများ ပိုအရှိန်မြင့်လာနေပြီး နိုင်ငံရေးအခြေအနေ ပိုပြီးမရေမရာ ဖြစ်လာနေလျက် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုများ အားကောင်းနေကာ နိုင်ငံတကာ အခြေအနေ အခြေမသာတဲ့ အခြေအနေမျိုးထဲမှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍအတွက် အနာဂတ်ဟာ အတော်လေးမှောင်ရိပ်သန်းလျက် ရှိနေဆဲပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဆိုပါကာလ၏ အချို့သောလများ၌ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေများသို့ ရောက်ရှိခဲ့သည့် ကာလများကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ပြီး ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း စံသတ်မှတ်ချက် အမှတ် ၅၀ အောက်သို့ စတင်ကျဆင်းခဲ့ခြင်းဖြစ်သည်။
ပုံစာ- မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကို သောင်းကျန်းသူများ တိုက်ခိုက်ခဲ့မှုကို တွေ့ရစဉ်