October 30, 2024

ပခုက္ကူဆေးရုံရှေ့မြင်ကွင်းကို တွေ့ရစဉ်

၂၂.၁၁.၂၀၂၂
Written by Nay Moe

ပခုက္ကူမြို့တွင် အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှစ်ဦးမြောက် ထပ်မံပစ်သတ်ခံရပြီးနောက် မြို့အနှံ့ပိတ်ဆို့ စစ်ဆေးနေသည်ဟု ကနဦးသတင်းများအရ သိရသည်။

ကနဦးသတင်းများအရ ပခုက္ကူမြို့မှ အမှတ် (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ နှစ်ဦးမြောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကာ ကနဦးသတ်ဖြတ်ခံရသည့် အမှတ် (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က သတ်ဖြတ်ခံရသည့် အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း သိရသည်။

“မနက်က အစောကြီး အမှတ် ၁၄ အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားတာ။ အုပ်ချုပ်ရေးမှူးနာမည်က ဦးမြင့်သိန်းတဲ့။ အမှတ် (၁၄) က ဒါနဲ့ဆို ရပ်ကွက်အုပ်ချုပ်ရေးမှူးအသတ်ခံရတာ နှစ်ယောက်ရှိသွားပြီ။ ပထမတစ်ယောက်က အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးသင်းကို ၂၀၂၁ ဒီဇင်ဘာ အကုန်ပိုင်းက စျေးဝယ်နေတုန်း ပစ်သတ်သွားတာ”ဟု ပခုက္ကူဒေသခံတစ်ဦးက MT News ကို ပြောသည်။

ကနဦးစုံစမ်းမှုအရ ပခုက္ကူမြို့တွင် နိုဝင်ဘာ ၂၂ ရက်က အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ် (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးအား သတ်ဖြတ်သွားသည်ဟု ဒေသခံများက ပြောဆိုမှုကြောင့် တာဝန်ရှိသူများထံ အတည်ပြုချက်ရယူသော်လည်း လက်ရှိအချိန်အထိ ဖြေကြားခြင်းမရှိသကဲ့သို့ မည်သည့်အဖွဲ့က လုပ်ကြံသတ်ဖြတ်သည်ကိုလည်း ထုတ်ပြန်မှုမရှိသေးချေ။ သို့သော် ယနေ့နံနက် တစ်ပိုင်းလုံး မြို့အနှံ့ပိတ်ဆို့စစ်ဆေးရှာဖွေနေပြီး တစ်အိမ်တက်ဆင်းလိုက်လံရှာဖွေမှုများလည်း ရှိနေကာ ဖမ်းဆီးခံရသူများလည်း ရှိနေသည်ဟု MT News က စုံစမ်းသိရသည်။

“အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း လာပစ်သွားတယ်လို့ သတင်းကြားရတယ်။ ဟုတ် မဟုတ်တော့မသိဘူး။ မြို့ပေါ်မှာ ပတ်ပတ်လည်ပိတ်စစ်နေလို့ အပြင်လည်း မထွက်ရဲကြဘူးဖြစ်နေတယ်” ဟု ပခုက္ကူမြို့ အမှတ် (၁၄) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *