၂. ၁၂. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် မြန်မာအမျိုးသမီးတစ်ဦးဟာ မကြာသေးမီက ဘတ်ငွေ ၂၄၀,၀၀၀ ကျော် (မြန်မာငွေ ကျပ်သိန်း ၂၂၀ ဝန်းကျင်) တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ အခိုးခံခဲ့ရပြီး ခိုးယူသွားတဲ့ ရွှေတွေကို ပြန်လည်ပေးအပ်ဖို့ သူခိုးဆီ အသနားခံတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပါတယ်။
ဗီဒီယိုထဲမှာ သူမဟာ ခိုးယူခံရတဲ့ ရွှေထည်ပစ္စည်းတွေက သူမရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုတွေလို့ မျက်ရည်စက်လက်နဲ့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီရွှေထည်တွေကို သူမရဲ့ရင်သွေးလေးမွေးဖွားရာမှာ ဆေးရုံစရိတ်အဖြစ် ပြန်လည်ရောင်းချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ဆိုကာ သူခိုးကို သူမရဲ့ အဖိုးတန်ပစ္စည်းတွေ ပြန်လည်ပေးအပ်ဖို့ စိတ်အားထက်သန်စွာနဲ့ တောင်းဆိုနေခဲ့တာပဲဖြစ်ပါတယ်။
ရွှေတွေ ခိုးယူခံခဲ့ရတဲ့ အမျိုးသမီးဟာ ထိုင်းနိုင်ငံမှာ အိမ်အကူအဖြစ် ၁၀ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး ရွှေထည်ပစ္စည်းတွေဝယ်ယူစုဆောင်းခဲ့ခြင်းဖြစ်ကာ နောင်အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့အတွက် စုဆောင်းခြင်းဖြစ်ကြောင်းလည်း Channel 3 နဲ့ အင်တာဗျူးမှာ သူမက ရှင်းပြခဲ့ပါတယ်။ သူမဟာ အခုချိန်မှာ ကိုယ်ဝန်ခြောက်လရှိနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လမှာ မွေးဖွားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သူမဟာ ရွှေတွေကို ဗီရိုထဲမှာ သိမ်းထားခြင်းဖြစ်ပြီး အပြင်သွားပြီး ပြန်လာတော့ သူမရဲ့ အိမ်နဲ့ ဗီရိုမှာ ချိုးဖျက်ခံထားရတဲ့ အရိပ်အယောင်ကိုမတွေ့ခဲ့ရပေမဲ့ ရွှေတွေသာ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ သူမက ပြောပါတယ်။
ရွှေထည်တွေကို ဝယ်နိုင်ဖို့အတွက် သူမဘဝရဲ့ တစ်ဝက်လောက်ကို ကုန်ဆုံးခဲ့ရကြောင်းနဲ့ သူခိုးကို ဒီသတင်းကို မြင်ပြီး အနည်းဆုံးတော့ သူ့ကလေးအတွက် စိတ်မကောင်းဖြစ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref; The Thaiger