၂. ၁၂. ၂၀၂၃
Written by Pan Ei
မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်တပ်နဲ့ လက်နက်ကိုင်တွေအကြားက တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့မှာ သောင်တင်နေတဲ့ မလေးရှားနိုင်ငံသား အများစုပါဝင်တဲ့ စုစုပေါင်း လူ ၁၂၁ ဦးကို သောကြာနေ့ (ဒီဇင်ဘာ ၁ ရက်) မှာ မြန်မာနိုင်ငံကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ အွန်လိုင်းကတစ်ဆင့် အလုပ်ကိုင်အခွင့်အလမ်းကောင်းတွေရမယ်လို့ဆိုကာ မက်လုံးပေးခေါ်ယူခံရသူ အများစု ပါဝင်တဲ့သူတွေဖြစ်ပြီး မနေ့က မနက်မှာ ကွာလာလမ်ပူလေဆိပ်ကို အထူးစီစဉ်ထားတဲ့ လေယာဉ်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ-တရုတ်နယ်စပ်မှာ ကြာသပတေးနေ့ နံနက်ပိုင်းက စတင်ပြီး ရွှေ့ပြောင်းရေး ခရီးစဉ်ကို နိုင်ငံပေါင်းစုံက ပူးပေါင်းဆောင်ရွက်မှုတွေ ခွင့်ပြုချက်တွေနဲ့ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
အခု အမိမြေကို ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ လူ ၁၂၈ ဦးထဲမှာ အပါအဝင်ဖြစ်ပြီး မလေးရှားအစိုးရဟာ တိုးတက်မှုအခြေအနေတွေကို စောင့်ကြည့်နေမှာဖြစ်သလို ကယ်တင်ခြင်းမခံခဲ့ရတဲ့ ကျန်ခုနစ်ဦးကို ကယ်ထုတ်ဖို့ အသင့်ရှိကြောင်းလည်း မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mohamad Alamin က ပြောပါတယ်။
အောက်တိုဘာလနှောင်းပိုင်းမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့က တပ်ဘက်ကို စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အဆက်မပြတ် တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေက တရုတ်နိုင်ငံနဲ့နယ်စပ်အနီးက မြို့တွေနဲ့ စစ်စခန်းအများအပြားကို သိမ်းပိုက်ခဲ့ပြီး ကုန်သွယ်မှုတွေကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
Ref; Reuters