၂. ၁၁. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျုးလွန်နေသည့် ဂိုဏ်းများသည် ၎င်းတို့လက်ထဲတွင် ပိတ်မိနေသူများကို သတ်မှတ်ထားသည့် ခွဲတမ်း Targets များ မရပါက ၎င်းတို့၏ ခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းများကို ရောင်းချကြောင်း ဗီယက်နမ်အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျုးလွန်နေသည့် ဂိုဏ်းများလက်ထဲတွင် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများအပါအဝင် လူပေါင်း ၁၂၀၀၀၀ ကျော် ပိတ်မိဖမ်းဆီးခံထားရကြောင်း ကုလသမဂ္ဂလူအခွင့်အရေးရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများသည် ၎င်းတို့၏နိုင်ငံသားများကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများ လုပ်ဆောင်ရကြောင်း၊ သတ်မှတ်ထားသော အရေအတွက် မရလျှင် ညှင်းပန်းနှိပ်စက်ခံရခြင်းများရှိနေခဲ့ကြောင်း သိရသည်။
ဗီယက်နမ် ပရဟိတအဖွဲ့စည်းတစ်ခုဖြစ်သော Blue Dragon က “အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ သူတို့လက်ထဲမှာပိတ်မိနေတဲ့သူတွေဆီကနေ ကျောက်ကပ်ကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများ ရယူရောင်းစားတယ်။ အလုပ်လုပ်ရာမှာ သတ်မှတ်ထားတဲ့အရေအတွက် မရသူတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်းစားခံရသူတွေထဲပါဝင်ခဲ့တယ်” ဟုပြောသည်။
အဆိုပါဗီယက်နမ် ပရဟိတအဖွဲ့အစည်းသည် ပြီးခဲ့သော သြဂုတ်လက မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် အသက် ၃၆ နှစ်အရွယ်ရှိ ဗီယက်နမ်နိုင်ငံသားတစ်ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း၊ အဆိုပါဗီယက်နမ်နိုင်ငံသားသည် သတ်မှတ်ထားသည့် အရေအတွက်အတိုင်း ပြည့်မီအောင် လိမ်လည်မှုမလုပ်ဆောင်နိုင်သည့်အတွက် ၎င်း၏ ကျောက်ကပ်ရောင်းစားရန် အတင်းအကြပ်ဖိအားပေးခံခဲ့ရသူဖြစ်ကြောင်း Blue Dragon အဖွဲ့က ပြောသည်။
Blue Dragon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Caitlin Wyndham ကလည်း “မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျုးလွန်တဲ့ ဂိုဏ်းတွေလက်ထဲ ပိတ်မိနေခဲ့ရတဲ့ သားကောင်တွေဟာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေ တွေ့ကြုံခဲ့ရတယ်။” ဟုပြောသည်။
Ref; Agence France Presse