၂. ၁၂. ၂၀၂၃
Written by Ye Kyaw
နိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိကသုံးစွဲသော ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် နိုင်ငံတော်အနေဖြင့် ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁ ရက် (ယမန်နေ့)တွင် ဓာတ်ဆီဈေးနှုန်းများ တစ်ရက်အတွင်း တစ်လီတာ ကျပ် ၃၄၀ ခုန်တက်ခဲ့သော်လည်း ဒီဇယ်ဈေးနှုန်းများ အနည်းငယ်သာ မြင့်တက်မှုရှိခဲ့ပြီး ရိုးရိုးဒီဇယ် တစ်လီတာ ၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၅ ကျပ်သာ မြင့်တက်ခဲ့မှုရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ ထုတ်ပြန်ခဲ့သော ဈေးနှုန်းများအရ သိရသည်။ ဒီဇင်ဘာ ၂ ရက် (ယနေ့)တွင်လည်း ရိုးရိုးဒီဇယ် တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ ဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်။
ပြည်တွင်းသုံးစွဲရန် စက်သုံးဆီလိုအပ်ချက်အား ပြည်ပမှဝယ်ယူတင်သွင်းရာတွင် နိုင်ငံတော်အနေဖြင့် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် လက်ရှိပြည်တွင်း စက်သုံးဆီ ရောင်းဈေးနှုန်းများသည် အာဆီယံဒေသတွင်းနိုင်ငံများထက်များစွာ လျော့နည်းသက်သာလျက်ရှိကြောင်း လေ့လာတွေ့ရှိရကြောင်း ဖော်ပြထားသည်။
စက်သုံးဆီဈေးသည် အဓိကအားဖြင့် ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းသည့် စင်ကာပူနိုင်ငံမှ ထုတ်ပြန်သော MOPS ဈေးနှုန်းနှင့် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ် မူတည်၍ အတက်/အကျ ဖြစ်ပေါ်လျက်ရှိသည်။
သီလဝါဆိပ်ကမ်းဒေသကြီးတွင် ပြည်ပမှစက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်လျက်ရှိပြီး သက်ဆိုင်ရာ သိုလှောင်ကန်စခန်းမှတစ်ဆင့် နိုင်ငံတဝှမ်းသို့ စက်သုံးဆီများ လိုအပ်သလို ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။