October 30, 2024

NUG ၏ ၇၅ ကြိမ်မြောက်အစည်းအဝေးမှ ဒူဝါလရှီးလကို တွေ့ရစဥ်

၂၂. ၁၁. ၂၀၂၂
Written by Nay Moe

မြို့ကြီးပြကြီးများတွင် ရာဇဝတ်မှုများနှင့် လုယက်သတ်ဖြတ်မှုများ နေ့စဥ်ဖြစ်ပွားနေပြီး လက်နက်ကိုင်ပဋိပက္ခရှည်ကြာသည်နှင့်အမျှ တိုင်းပြည်နှင့်လူထု ဆိုးသထက်ဆိုးရွားမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် NUG ၏ (၇၅) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။

“လူထုရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို သွယ်ဝိုက်သောနည်းနဲ့သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ကြိုးပမ်းအားထုတ်ရမှာတွေရှိပါတယ်။ အာဏာရှင်စနစ်ကြောင့် လူထုဟာ အသက်နဲ့ ခန္ဓာလုံခြုံမှုလည်း ကင်းမဲ့နေတယ်။ လူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်မှုတွေကလည်း မလုံခြုံဘူး။ အခုဆိုရင် မြို့ကြီးပြကြီးတွေမှာ နေ့စဉ်လိုလို ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်လုယက်မှုတွေ ဖြစ်ပွားနေတယ်။ တောနဲ့ တောင်ပေါ်ဒေသတွေမှာလည်း လူထုရဲ့ အသက်နဲ့ ဥစ္စာဓနက ဖျက်လိုဖျက်စီး အလုပ်ခံနေရတယ်။ လက်နက် ကိုင်ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ တိုင်းပြည်နဲ့ လူထုဟာ ဆိုးသထက် ဆိုးရွားလာဖို့ပဲ ရှိပါတယ်” ဟု ဒူဝါလရှီးလက ပြောသည်။

တိုင်းပြည်မတည်ငြိမ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပထမဆုံး ခံစားရသည်မှာ လူထုလုံခြုံရေးနှင့် စားဝတ်နေရေးကိစ္စဖြစ်ပြီး မြန်မာနိုင်ငံ ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီးသို့ လျှောက်လှမ်းခဲ့ရာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဖြစ်စဥ် နောက်ဆက်တွဲများကြောင့် မြန်မာပြည်တွင် စီးပွားရေးမတည်ငြိမ်မှုဖြစ်လာခဲ့သည်။ စီးပွားရေး မတည်ငြိမ်မှု၏ ဘေးထွက်ဆိုးကျိုး အများကြီးရှိခဲ့ရာ အဆိုးရွားဆုံးမှာ ငွေကြေးဖောင်းပွမှု အလွန်အကျွံမြင့်မားလာခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ဆုတ်ယုတ်ပျက်ပြားသွားခြင်းဖြစ်သည်ဟုလည်း ဒူဝါလရှီးလက ဆိုသည်။

“တိုင်းပြည်အတွင်းမှာ လူတစ်စု/ လူတစ်ဖွဲ့ကပဲ နိုင်ငံအတွင်းက စီးပွားရေးအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်နဲ့ ကုန်ထုတ်စွမ်းအားစုအားလုံးကို လက်ဝါးကြီးအုပ်ထားခြင်းဟာ တိုင်းပြည်ဆင်းရဲမွဲတေခြင်းရဲ့ အဓိက ဇာစ်မြစ်ဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိမြန်မာ့ နွေဦးတော် လှန်ရေး အတွင်းမှာ နိုင်ငံရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေကိုလည်း တွန်းလှန်ဖြိုဖျက်ပစ်ရမယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ ဒီအချက်ကို အထူးစဉ်းစားကြဖို့လိုပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံတစ်ခုလုံးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေခံအဆောက်အအုံ အပေါ်မှာတည်ပြီး ဖွဲ့စည်းရတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ အပြန်အလှန် ဆက်စပ်ဖြစ်တည်နေပါတယ်။ နိုင်ငံရေးမကောင်းရင် တိုင်းပြည်စီးပွားရေးလည်း မကောင်းနိုင်ပါဘူး။ စီးပွားရေး နလန်မထူနိုင်ရင် နိုင်ငံရေးပဋိပက္ခသစ်တွေကိုလည်း ပြန်လည်ဖန်တီးနိုင်ပါသေးတယ်။ ဒီလို အပြန်အလှန်ဆက်စပ်ဖြစ်တည်မှုကို မြင်အောင်ကြည့်ပြီး လူထုရဲ့နေ့စဉ် စားဝတ်နေရေးအတွက် ကျွန်တော်တို့တတွေ လုံလထုတ်ကြဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ဒူဝါလရှီးလက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *