၂. ၁၂. ၂၀၂၃
written by KL
ထိုင်းနိုင်ငံသို့ နယ်စပ်မှ တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၄၉ ဦးကို နိုဝင်ဘာလအတွင်းက ထိုင်းအာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အလုပ်သမားအရေးဆောင်ရွက်သူထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများမှာ အမျိုးသားနှင့်အမျိုးသမီးများအပြင် ကလေးငယ်များလည်း ပါဝင်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မော်တော်ယာဥ်များဖြင့် ဝင်ရောက်လာသူများရှိသကဲ့သို့ သောင်ရင်းမြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံထဲသို့ဝင်ရောက်လာသူများလည်း ရှိကြောင်း သိရှိရသည်။
လတ်တလောဖမ်းဆီးခံရမှုများအဖြစ် နိုဝင်ဘာ ၂၉ ရက်က ရနောင်းခရိုင် စုခ်စာမ်ရာမြို့ နာခါကျေးရွာ အုပ်စု ၂ တွင် မြန်မာအလုပ်သမား ၇ ဦးကို မော်တော်ယာဥ်တစ်စီးပေါ်တွင် ဖမ်းမိခဲ့သည်။ အလားတူ နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ တာ့ခ်ခရိုင်၊ ပထုမ်ဌာနီခရိုင်၊အယုဒ္ဓယခရိုင်၊ ရနောင်းခရိုင်၊ ချွန်ဖော်ခရိုင်တို့တွင်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ကျော်တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
“တရားမဝင်လာတဲ့အတွက် ထိုင်းထဲစဝင်တာနဲ့ အာဏာပိုင်တွေ စစ်ဆေး တွေ့ရှိတယ်ဆို ဖမ်းဆီးခံရနိုင်သလို သူတို့သွားမယ့်နေရာကို ရောက်လို့ အလုပ်လုပ်ရရင်လည်း လုပ်အားခအနှိမ်ခံရတာတွေရှိသလို၊ အလုပ်ထဲမှာ မတရားမှုတွေ ခံရရင်လည်း တရားဝင်မဟုတ်တာကြောင့်ဘယ်သူ့ကိုမှ အကူအညီတောင်းလို့လည်းမရနဲ့ လူမှုကိစ္စ အ၀၀တွေမှာ အခက်အခဲတွေ များစွာတွေ့ကြုံရနိုင်တယ်”ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးစောမောင်က ပြောသည်။
ထိုင်းနိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်လိုသူများအနေဖြင့် တရားဝင်လမ်းကြောင်းမှ တစ်ဆင့်သာ လာရောက်လုပ်ကိုင်ရန် လိုအပ်ပြီး အလုပ်သမားအခွင့်အရေးကို အပြည့်အဝ တောင်းဆိုနိုင်သော အခွင့်အလမ်းများရှိကြောင်း ဦးစောမောင်က ပြောသည်။