၁. ၁၂. ၂၀၂၃
Written by Ye Kyaw
ပင်လယ်ရေကြောင်းနှင့် နယ်စပ်တို့မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု လျော့ကျနေချိန်တွင် Cargo Flight ဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်များ Pre-License Cargo Inspection စစ်ဆေးရန် မလိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှစတင်၍ Pre-License Cargo Inspection စစ်ဆေးခြင်းအား လျှောက်မည့် ဆန်/ဆန်ကွဲ ပို့ကုန်လိုင်စင်ပမာဏ၏ ၁၀၀ ရာခိုင်နှုန်း ကုန်ပစ္စည်း သိုလှောင်ထားရှိမှု စိစစ်ခြင်းအစား ၅၀ ရာခိုင်နှုန်း အထိသာ စစ်ဆေးမည်ဖြစ်ကြောင်း၊ MSME နှင့် SME ပို့ကုန်လုပ်ငန်းရှင်များအား အားပေးကူညီရန်အတွက် တန်ချိန် ၂၆၀ နှင့်အောက် ပို့ကုန်လိုင်စင် လျှောက်ထားမှုများအတွက် Pre-License Cargo Inspection စစ်ဆေးရန် လိုအပ်မှု မရှိကြောင်းနှင့် အဆိုပါ အစီအစဉ်အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ နောက်ပိုင်းမှစ၍ နယ်စပ်မှတင်ပို့မှု လျော့ကျခဲ့သည့်အပြင် လက်ရှိနယ်စပ်တိုက်ပွဲအခြေအနေများကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု နည်းပါးနေခြင်းဖြစ်သည်။ ထို့ပြင် ပို့ကုန်ရငွေပမာဏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် နိုင်ငံတော်သို့ ရောင်းချရခြင်းနှင့် ကျန်ရှိ ၅၀ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်ဈေးနှုန်း တစ်ဒေါ်လာ ၂၉၀၀ ကျော်ဖြင့် ရောင်းချနေရ၍ ပင်လယ်ရေကြောင်းမှ တင်ပို့မှုလည်း လျော့ကျနေသည်။
ဆန်တင်ပို့မှုလျော့ကျနေသဖြင့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွင်း တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သိန်း တင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဆန်တန်ချိန် ၁၂၀,၀၀၀ နီးပါးသာ တင်ပို့နိုင်ခဲ့သည်။
ပုံစာ – MNA လေကြောင်းမှ ပြေးဆွဲပေးနေသည့် Cargo Flight ကို တွေ့ရစဉ်။