October 30, 2024

အောင်မောင်း
၂၂.၁၁.၂၀၂၂

အချိန်တစ်ခုရောက်လာသည့်အခါ မျက်ရည်ကိုသုတ်၊ ဓါးကိုဆုပ်ကာ ရှေ့တစ်လှမ်းတိုးမည်ဟု နိုဝင်ဘာ ၂၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ခရီးစဉ်တွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဦးခင်ရီက ကြိမ်းဝါးပြောဆိုခဲ့ကြောင်း သိရသည်။

ဦးခင်ရီ မုံရွာသို့ ရောက်ရှိစဥ် ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး USDP ပါတီဝင်များ လုံခြုံရေးနှင့် ပါတီရေးရာများအား ပြောဆိုခဲ့သည်ဟု ယနေ့တွင် သူ၏ Khin Yi Page ၌ ဖော်ပြထားမှုအရ သိရသည်။ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် USDP ပါတီဝင်များ အသက်သေဆုံးမှုများရှိနေသဖြင့် လုံခြုံရေးအစီအမံများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်းလည်း ဦးခင်ရီကပြောသည်။

“အခုအချိန်ကစပြီး မှတ်ထားဖို့က ကိုယ်တစ်ယောက် တည်းမဟုတ်ဘူး။ ကျွန်တော်တို့မှာ ပါတီဆိုတဲ့ အစုအဖွဲ့ကြီးရှိတယ်။ တစ်ယောက်အားနဲ့မရရင် အများအားနဲ့ ဆောင်ရွက်ရမယ်။ ငါ့နောက်မှာ၊ ငါ့ဘေးမှာ၊ ငါ့အဖေရှိတယ်၊ ငါ့အစ်ကိုရှိတယ်၊ ငါ့မောင်တွေရှိတယ်၊ ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို့ အဆင်သင့်ရှိနေဆဲပဲ။ ရှေ့ခရီးမှာ သားသမီးတွေအတွက် ဘာလုပ်မလဲဆိုတာ စဉ်းစားရမယ်။ ကူညီပေးဖို့၊ နားထောင်ဖို့၊ ဖြေရှင်းဖို့ ကျွန်တော်လာခဲ့တာပါ။ အချိန်တစ်ခုရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တစ်လှမ်းတိုးကြပါစို့”ဟု ဦးခင်ရီက ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

ဦးခင်ရီသည် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် PDF များအနေဖြင့် ရဟန်းသံဃာများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ၊ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်းမပြုဘဲ မိမိကိုလာသတ်ပါဟု စိန်ခေါ်ခဲ့ဖူးသည်။

Leave a Reply

Your email address will not be published. Required fields are marked *