MT News
၁ . ၁၂ . ၂၀၂၃
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တင်ပြချက်အရ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများတွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့်အခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ၊ ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး၊ လုံခြုံရေးဆိုင်ရာ အသုံးစရိတ်များ၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် တည်ဆောက်ရေးလုပ်ငန်းများ စသည်တို့အတွက် အဓိက တောင်းခံထားသည်ကို တွေ့ရှိရပြီး အဆင့်ဆင့် စိစစ်သည့် အချိန်တွင်လည်း အသုံးစရိတ် အမျိုးအစားအလိုက် အနည်းဆုံး လိုအပ်ချက်ဖြစ်စေရန် စိစစ်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲလျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး အသုံးစရိတ်များ အပါအဝင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် အသုံးစရိတ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ သင့် လျော်မည့် အသုံးစရိတ်များကို ခွင့်ပြုပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေးကို အထောက် အကူပြုစေနိုင်ရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပိုထောက်ပံ့ကြေး ခံစားနိုင် ရန် ခွင့်ပြုပေးခဲ့ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း၊ မူလခန့်မှန်းခြေငွေစာရင်း အခြေအနေကို ကြည့်ပါက တစ်နိုင်ငံလုံး၏ ဂျီဒီပီတန်ဖိုးသည် ငွေကျပ်ဘီလျံပေါင်း ၁၃၈၁၉၅ ဒသမ ၇၀၃ ဖြစ်သည်ကို တွေ့ရှိရပြီး သာမန် ငွေလုံးငွေရင်း ကြွေးမြီများနှင့် ပတ်သက်သည့် ပိုငွေ၊ လိုငွေ နှိုင်းယှဉ်ချက်အနေဖြင့် ဂျီဒီပီနှင့် လိုငွေ နှိုင်းယှဉ်ချက်သည် ပမာဏအားဖြင့် ၅ ဒသမ ၆၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းကို သက်ဆိုင်ရာစိစစ်ရေးအဖွဲ့ အဆင့်ဆင့်က စစ်ဆေးပြီးသည့်အခါ နောက်ဆုံးအနေဖြင့် ကျန်ရှိသည်မှာ ဂျီဒီပီ ပြောင်းလဲမှု မရှိသော်လည်း လိုငွေနှင့် ဂျီဒီပီ အချိုးသည် ၅ ဒသမ ၆၅ မှ ၅ ဒသမ ၃၁ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟုလည်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ စုစုပေါင်းရငွေ ကျပ် ၂၃,၄၃၄ ဒသမ ၀၁၀ ဘီလျံရရှိရန် ခန့်မှန်းထားခဲ့ပြီး ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ် ၃၀,၈၃၃ ဒသမ ၃၉၆ ဘီလျံအထိ ရှိခဲ့သည့်အတွက် ပြည်ထောင်စု၏ စုစုပေါင်းလိုငွေ ကျပ် ၇,၃၉၉ ဒသမ ၃၈၆ ဘီလျံအထိရှိခဲ့ကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားမှုအရ သိရသည်။